ငွေသားသန်းချီထုတ်ယူတဲ့ ရွှေလုပ်ငန်းရှင် ၇ ဦးကို စစ်ဆေးဖို့ရှိနေ

နိုဝင်ဘာ ၂၂ – ၂၀၂၂
SN (VOM)

ရန်ကုန်မြို့က ရွှေစျေးကွက်ရှိရာ ရွှေဘုံသာလမ်းမှာရှိတဲ့ စီဘီနဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲတွေကနေ ငွေသားသန်းချီထုတ်ယူတဲ့ ရွှေလုပ်ငန်းရှင် ၇ ဦးကို ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်ကော်မတီက စစ်ဆေးဖို့ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းထံက သိရပါတယ်။

ရွှေလုပ်ငန်းရှင် ၇ ဦးထဲမှ ၃ ဦးဟာ စီဘီဘဏ်မှာ စုစုပေါင်း ငွေသား ၁၆၁၃ ဒသမ ၇၀ ကျပ်သန်း ထုတ်ယူခဲ့ပြီး နောက်ထပ် ၄ ဦးကတော့ မြန်မာ့ရှေ့ဆောင်ဘဏ်မှာ ငွေသား ၃၂၆၃ ဒသမ ၄၅ ကျပ်သန်း ထုတ်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြေပြင်သတင်းနဲ့ ဘဏ်ကရရှိတဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စိစစ်ချက်အရ ငွေသားထုတ်ယူမှုများပြားတဲ့ အဲ့ဒီ့ လုပ်ငန်းရှင်တွေကို ရွှေဈေးကွက်နဲ့ ဆက်စပ်ပတ်သက်ပြီး ရွှေအရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်နေသူတွေဖြစ်တယ်လို့ ကော်မတီက စုံစမ်းသိရှိရတဲ့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်သွားဖို့ လက်ရှိမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူထံ VOM က ဆက်သွယ်မေးမြန်းရာမှာ ”အဲ့ဒါဖြေလို့မရသေးဘူး။ ငွေကြေးအဖွဲ့ကနေပြီး အဲ့ဒါကို စုံစမ်းစစ်ဆေးနေလို့ပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ FATF ရဲ့ အမည်ပျက်စာရင်း အသွင်းခံရပြီးတဲ့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ် ၉ ခုကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဒါ့အပြင် မိုဘိုင်းလ်ငွေပေးချေမှုတွေအပေါ်ကိုလည်း တင်းကျပ်မှုတွေ ပြုလုပ်လာပြီး အကောင့်ဖွင့်ထားသူတွေရဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စတဲ့ အချက်အလက်တွေကို အတိအကျ ဖြည့်သွင်းပြင်ဆင်ဖို့ ညွှန်ကြားခဲ့ကာ အချက်အလက် မပြည့်စုံတဲ့ အကောင့်တွေကိုလည်း ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒါအပြင် ပြည်ပငွေလွှဲကုမ္ပဏီတွေကိုလည်း ဗဟိုဘဏ်က ထပ်မံ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေလုပ်ငန်းရှင်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW