ပခုက္ကူ – အုန်းတောလမ်းမှာ ကား ၁ စီး ပစ်ခတ်ခံရလို့ ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ အုန်းတောကျေးရွာနဲ့ ကွက်သစ်ကျေးရွာ ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၂၅ ရက် ၊ နေ့လယ်ပိုင်းက အိမ်စီးကား ၁ စီး သေနတ်နဲ့ပစ်ခတ်ခံရပြီး ကားပေါ်ပါ လူ ၂ ယောက်အနက် ၁ ဦးသေဆုံးကာ ၊ ကျန် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မြစ်ခြေမြို့သစ်မှာနေတဲ့ ဦးအောင်ကျော်ဆိုသူဟာ အုန်းတောရွာမှာနေတဲ့ သူ့ရဲ့တူမ မရွှေအနဲ့အတူ ဘင်အမျိုးအစား အိမ်စီးကားကိုမောင်းလာတဲ့အချိန် ပစ်ခံရတာပါ ၊ ဦးအောင်ကျော်က မျက်လုံး ၂ဘက် ၊ နဖူး ၊ ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးသွားတယ် ၊ သူ့ရဲ့ တူမဖြစ်သူကတော့ ခြေတောက် ၂ ဘက် စလုံး ကျည်ဆံထိမှန်ထားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ခရီးသွား အိမ်စီးကား ပစ်ခံရတာနဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က
” မနေ့က နေ့လယ်ပိုင်း ၁၂ နာရီခွဲဝန်းကျင်က ဖြစ်တာပါ ၊ သေဆုံးသူ ကားသမား (ယာဥ်မောင်းသူ) ဦးအောင်ကျော် ဆိုတာ စီးပွားရေး အဆင်ပြေသူဖြစ်တယ် ၊ နိုင်ငံရေး အရောင်အသွေး မရှိဘူး ၊ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် ဖြစ်တာလို့ ကနဦး ခန့်မှန်းရတယ် ၊ သူနဲ့အတူပါလာတဲ့ မမိုးသန္တာဝင်း ခေါ် မရွှေအ ကတော့ ဒူးခေါင်းအထက် ခြေ ၂ ဘက်စလုံးမှာ ဒဏ်ရာရတာကြောင့် ပခုက္ကူဆေးရုံမှာ ဆေးကုသနေတယ် ၊ ဖြစ်စဥ်မှန် ပေါ်ပေါက်ဖို့ အမှုဖွင့် စစ်ဆေးနေတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ပခုက္ကူမြို့နယ် ၊ ပခုက္ကူ – မြိုင် ကားလမ်းမှာ ကားမောင်းလာတဲ့ ဗိုလ်မှူး ဟောင်း ဦးအောင်ထွန်း ဆိုသူ အသတ်ခံခဲ့ရပါသေးတယ်။

ဒါ့အပြင် မြိုင်မြို့နယ် ၊ မုံရွာ-ပုသိမ်ကားလမ်း ၊ ပခုက္ကူ မြစ်ခြေ ပေါက်လမ်း ၊ မုံရွာ ရေစကြို ပခုက္ကူကားလမ်းတွေနဲ့ ဆားလင်းကြီး ရေစကြို ပခုက္ကူကားလမ်းတွေမှာ ခရီးသွားလာရင်း ပစ်ခတ်ခံရလို့ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်အတွင်း သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ပုံစာ – သေဆုံးသူ ဦးအောင်ကျော်ရဲ့ကားပုံ
Photo-ပခုက္ကူဒေသခံ ပရဟိတသမား တဦး
#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW