ကျောက်တော်မှာ မူးဝေ၊အော့အန်ပြီး ဆေးကုသမှု ခံယူနေတဲ့ မိသားစု ၆ ယောက် သေဆုံး

နိုဝင်ဘာ ၊ ၂၈ -၂၀၂၂
SP (VOM)

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ ဝဲကြီးထောင့် တိုက်နယ်ဆေးရုံမှာ မူးဝေ၊အော့အန်ပြီး ဆေးကုသမှုခံယူနေတဲ့ ပီချောင်းဒေသ ၊ သက်ထင်ကျေးရွာက မိသားစုဟာ ဒီကနေ့မနက်မှာပဲ မိသားစုလိုက် သေဆုံးသွားတယ်လို့ ကျောက်တော်နယ်ခံတွေဆီက သိရပါတယ်။

” အဲ့ဒီ မိသားစုက မူးဝေ ၊ အော့အန်ရောဂါလက္ခဏာကြောင့် နိုဝင်ဘာ ၂၆ ရက်က ဆေးရုံတက် ဆေးကုသခံတယ် ၊ အဲ့ဒီညမှာပဲ ဒေါ်ခိုင်သန်းနု၊ မစန္ဒာဝင်း၊ မောင်ကျော် ငြိမ်းထွန်း ၊ ၃ ဦးဆက်တိုက် သေဆုံးတယ် ၊ မနေ့က လူနာ ဦးသောကြာအောင်နဲ့ သူ့ရဲ့ ယောက္ခမဖြစ်သူကို ကျောက်တော်ဆေးရုံဆီ လွဲပြောင်း ကုသတယ် ၊ ဒီမနက်ပိုင်းမှာ သူတို့လည်း ထပ်မံဆုံးသွားတယ်”လို့ သေဆုံးသူ မိသားစု အသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။

ကျောက်တော်မြို့နယ် ကျန်းမာရေးဦးစီးဌာနနဲ့ နီးစပ်သူတယောက်က ” သေဆုံးရတဲ့ အဓိက အကြောင်းရင်းကိုတော့ စစ်ဆေးနေဆဲဖြစ်တယ် ၊ သေဆုံးသူတွေရဲ့ အစာအိမ်လမ်းကြောင်းကနေ အစာနမူနာရယူပြီး ဓာတ်ခွဲခန်းမှာ သုတေသနပြု အဖြေရှာနေဆဲဖြစ်တယ် “လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်ညကနေ ဒီမနက်အထိ သေဆုံးသူတွေဟာ ၊ ဦးသောကြာအောင် အသက် ၅၄ နှစ် ၊ သူ့မိန်းမ ဒေါ်ခိုင် သန်းနု အသက် ၅၄ နှစ်၊ သမီးအကြီး​ဖြစ်သူ မစန္ဒာဝင်း အသက် ၂၅ နှစ်၊ သမီး အလတ်ဖြစ်သူ မစိုးသန်း အသက် ၂၃ နှစ်၊ သားအငယ်ဖြစ်သူ မောင်ကျော်ငြိမ်းထွန်း အသက် ၁၃ နှစ် နဲ့ ဒေါ်ခိုင်သန်းနုရဲ့ အမေဖြစ်သူ အသက် ၇၀ အရွယ် အဘွား တယောက်ဖြစ်ပြီး သူတို့ ၆ ယောက်စလုံးဟာ တအိမ်ထဲနေ မိသားစုတွေဖြစ်ကြတယ်လို့ ကျောက်တော် ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

ကျောက်တော်မြို့နယ်မှာ အဲ့ဒီ မိသားစု သေဆုံးရတဲ့ အကြောင်းကို အစာအဆိပ်သင့်ပြီး သေဆုံးတယ်လို့ ပြောဆိုနေကြပေမယ့် ၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနကတော့ သေဆုံးရတဲ့ ရောဂါအခြေအနေကို ဓာတ်ခွဲအဖြေရှာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW