အတွေးသစ်လွင် ခေတ်ရှေ့မြင် စာရေးဆရာ ၊ အများအကျိုးအတွက် လူထုရဲ့သတင်းစာဆရာ

ဆူးငှက်

၂ဝ၂၂ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ဟာ စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ ၁ဝ၅နှစ်ပြည့်မြောက်တဲ့ မင်္ဂလာအခါသမယ ဖြစ်ပါတယ်။

“ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်ဟာ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်မှာ မန္တလေးရတနာပုံခေတ်က မွေးဖွားပေးလိုက်တဲ့ အငြိမ့်မင်းသမီးကြီး မထွေးလေးအကြောင်း၊ ရတနာပုံခေတ်မှသည် ကိုလိုနီခေတ်ဦးတိုင် ထင်ရှားကျော်ကြားခဲ့တဲ့ ရုပ်သေးမင်းသမီးကြီး ဆရာပုအကြောင်း အလားတူ မခြေကျင်၊ မငွေမြိုင်၊ ကောလိပ်စိန်၊ ရွာစားကြီးစိန်ဗေဒါ၊ နန်းတော်ရှေ့ဆရာတင်၊ လေဘာတီမမြရင်နှင့် မြို့မငြိမ်းတို့အကြောင်းကို “သုတ၊ ရသ”ပါအောင် ထဲထဲဝင်ဝင် ရေးသားပြုစုထားပါတယ်။ ဒီစာအုပ်ထဲမှာပါရှိတဲ့ အနုပညာသည်များရဲ့အကြောင်းကို ဆရာမကြီး လူထုဒေါ်အမာက မန်းရာပြည့်စာစောင်မှာလည်း ရေးသားခဲ့တယ်။ လူထုဂျာနယ်မှာလည်း ရေးသားခဲ့ပြီးသားပါ။

နောက်တော့ လိုအပ်တာတွေ ထပ်မံဖြည့်စွက်ပြင်ဆင်ပြီး ၁၉၆၄ ခုနှစ် မေလ ၂၁ ရက်နေ့မှာပဲ ပထမအကြိမ် ပုံနှိပ်ခြင်းအဖြစ် အုပ်ရေ ၃၅၀၀ ကို စတင်ထုတ်ဝေဖန့်ချိလိုက်တာဖြစ်ပါတယ်။ စာအုပ် ထုတ်ဝေတဲ့ ၁၉၆၄ခုနှစ်ဆိုတာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ပုဂ္ဂလိကပိုင် အများစုကိုပြည်သူပိုင်သိမ်းရုံမက အဲဒီနှစ် မေလ ၁၇ ရက်နေ့မှာပဲ လက်ရှိ ထုတ်ဝေထားတဲ့ ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာထားတဲ့ ကာလလည်းဖြစ်ပါတယ်။ ဆိုလိုတာက နိုင်ငံရေးအရလည်း မတည်ငြိမ်၊ စီးပွားရေးအရလည်း ချွတ်ခြုံကျနေတဲ့ ကာလလို့ ပြောရမှာပေါ့။ ဒါပေမယ့် ရက် ၂၀ အတွင်း ဒီစာအုပ်က အုပ်ရေ ၃၅၀၀ ပြိုက်ခနဲ ကုန်သွားပါသတဲ့။ ဒါကြောင့် နောက် ၄လအကြာ စက်တင်ဘာမှာ ဒုတိယအကြိမ် ပြန်ရိုက်ရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ အဲဒီအချိန် နိုင်ငံတော်မှာ အမြင့်ဆုံး စာပေဆုဖြစ်တဲ့ “ယဉ်ကျးမှု အနုပညာဆိုင်ရာစာပေ”ပထမဆုကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ နောက်ထပ် ဒီစာအုပ်ကိုပဲ ၁၉၆၇ ခုနှစ် ဇူလိင်လမှာတစ်ကြိမ်၊ ၁၉၇၄ ခုနှစ်မှာ တစ်ကြိမ်နှင့် ၁၉၉၇ ဒီဇင်ဘာမှာ တစ်ကြိမ်နှင့် ငါးကြိမ်တိုင်တိုင် ပုံနှိပ်ထုတ်ဝေပြီးပါပြီ။

“ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်ကို ပရိသတ်က ဘာလို့ ကြိုက်နှစ်သက်ကြတာလဲ ..။
မြန်မာလူမျိုးတွေက ရုပ်သေး၊ ဇာတ်၊ အငြိမ့်၊ ဆိုင်းနှင့် သီချင်းဂီတတွေကို မက်မောခုံမင်ကြပါတယ်။ ဒါမျှမက ဒီလို အနုပညာရှင်တွေကိုလည်း လေးစား တန်ဖိုးထားကြပါတယ်။ သူတို့အနုပညာ၊ သူတို့အကြောင်းကို သိလိုကြတယ်။ မှတ်သားလိုကြတယ်။ ဒီလိုအပ်မှုကို “ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်က ဖြည့်ဆည်းပေးလိုက်တာပါပဲ။ ဒီစာအုပ်မှာ ရေးသားဖော်ပြခဲ့တဲ့ “အနုပညာသည်များ”ဆိုတာကလည်း အဟုတ်တကယ်လည်း ပြည်သူလူထုက ချစ်မြတ်နိုးခဲ့ကြတာပါ။ သူတို့အကြောင်းကိုများ ပြန်ပြောရရင် ထမင်းမေ့ဟင်းမေ့
ဆိုတာမျိုးပေါ့။ ပရိသတ်ဆီက ကြားရတဲ့ သူတို့အကြောင်းတွေက ထောင့်စုံ၊ ကဏ္ဍစုံတယ်။ အနုပညာအကြောင်းပြောမယ်။ သူတို့ မြင်တွေ့တာပြောမယ်။ သူတို့သိတဲ့ အနုပညာရှင်ရဲ့ ဘဝဇာတ်လမ်းပြေမယ်။ သူတို့ ကြားဖူးတဲ့ အနုပညာရှင်ရဲ့ အနုပညာပုံရိပ်တွေအကြောင်း ပြောမယ်။ ဒါတွေက ကုန်ကြမ်းတွေပါပဲ။ ဒီကုန်ကြမ်းတွေကို ပညာရှင်အချင်းချင်းရဲ့ အမြင်တွေ၊ လုပ်ဖော်ကိုင်ဖက် ပညာရှင်များရဲ့ သုံးသပ်ချက်တွေနဲ့ ချိန်ထိုးရတာပေါ့။ ဆက်စပ်ရတာပေါ့။ ဒီထက် ပိုအရေးပါတာက စာရေးသူရဲ့ ရပ်တည်ချက်အမြင်နှင့် သဘောထားပါပဲ။

“ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်မှာ ပရိသတ်အလွှာပေါင်းစုံရဲ့ အသံတွေ ပါတယ်။
ပညာရှင်တွေရဲ့အတွေ့ အကြုံ အသိအမြင်တွေ ပါတယ်။ စာရေးသူရဲ့ခေတ်ကာလနှင့်ဆက်စပ်ပြီး မှန်ကန်တဲ့ သုံးသပ်ချက်တွေ ပါတယ်။ ပရိသတ်အသံကို အခြေခံလို့ တကယ့် လူထုစကားလုံးတွေ၊ဒေသိယစကားတွေ၊ သဘင်သုံး စကားလုံးတွေ ဖတ်မှတ်ရတယ်။ ပညာရှင်တွေ အသိအမြင်ပါတာမို့ ပညာရပ်ဆိုင်ရာ စကားလုံးတွေသာမက ပညာပိုင်းဆိုင်ရာ ကောက်နုတ် တင်ပြမှုတွေလည်း ဖတ်မှတ်ရတာပါ။ ဒီလိုအရပ်သုံး၊ ပညာရှင်သုံး စကားလုံး အကြောင်းအရာတွေမှာ စာရေးသူရဲ့ အမြင်ကြောင့် ခေတ်ကာလရဲ့ နောက်ခံကားချပ်တွေကိုပါ၊ ကျွဲကူးရေပါ လေ့လာမြင်တွေ့ ရပါတော့တယ်။

××××× ×××××

ကုန်လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ဝင်ဘာ (၂၉)ရက်နေ့မှာ ဒေါ်ဒေါ်(လူထုဒေါ်အမာ) နှစ်၁၀၀တင်းတင်း ပြည့်ခဲ့ပါပြီ။ဒေါ်ဒေါ့် ဂုဏ်ပုဒ်တွေကို ဂါရဝထားပြီး “လူထုဒေါ်အမာ ရာပြည့်”အထိမ်းအမှတ်ပွဲကို ၂၀၁၅ခုနှစ်ဝင်ဘာ ၂၆ရက်နေ့ကစပြီး မန္တလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း(၈၄လမ်း)နှင့် ၃၁လမ်းထောင့်က ဓမ္မသာလာခန်းမမှာ စာအုပ်ပြပွဲ၊ လက်ရေးစာမူများနှင့် ဘဝမှတ်တမ်း ဓာတ်ပုံပြပွဲကို စာအုပ်ဈေးရောင်းပွဲတော်နှင့်အတူ နိုဝင်ဘာ၂၈ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဓမ္မသာလာခန်းမမှာပဲ နိုဝင်ဘာ၂၆ရက်နေ့ညမှာ “ပြည်သူချစ်သော လူထုဒေါ်အမာနှင့် အနုပညာသည် များ”ခေါင်းစဉ်နှင့် ကျွန်တော်က မြို့မတူရိယာအသင်း၊ မြန်မာဆိုင်းဝိုင်း၊ အဆိုတော်များ၊ အနုပညာရှင်များနှင့် တွဲဖက်ပြီး ဟောပြောခဲ့ပါတယ်။နိုဝင်ဘာ၂၇ရက်နှင့် ၂၈ ရက်ညတွေမှာလည်း ရန်ကုန် မန္တလေးနှင့် နယ်အသီးသီးက စာရေးဆရာ၊ဆရာမကြီးများရဲ့ စာတမ်းဖတ်ပွဲကိုလည်း ဓမ္မသာလာခန်းမမှာ ကျင်းပခဲ့ပါတယ်။ နိုဝင်ဘာ (၂၉)ရက်နေ့မှာတော့ အမရပူရ တောင်လေးလုံးကျာင်းတိုက်မှာ
သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များကို ကျွေးမွေးဧည့်ခံခြင်းများနှင့်အတူ
သက်ကြီးဝါကြီး စာရေးဆရာကြီးများရဲ့အမှတ်တရ စကားပြောကြားခြင်း အစီအစဥနှင့် လူထုဒေါ်အမာရာပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ “လူထုဒေါ်အမာ ရာပြည့်”အမှတ်တရအဖြစ် စာရေးဆရာ၁၀၀ရဲ့ ဆောင်းပါး ၁၀၀ စာအုပ်နှင့် ကဗျာဆရာ ၁၀၀ရဲ့ ကဗျာ ၁၀၀ စာအုပ်တွေလည်း ထုတ်ဝေခဲ့ပါတယ်။ လူထုမိသားစု စာကြည့်တိုက်မှာလည်း ရာပြည့်မွေးနေ့အမီ “လူထုမောင်နှံ”ရဲ့ကြေးရုပ်တုကို စိုက်ထူပြီး မြတောင်ကျောင်းတိုက်အတွင်းက လူထုဦးလှနှင့် ရွှေကိုင်းသားတို့ရဲ့ အထိမ်းအမှတ်ကျောက်တုံးတွေကိုလည်း စာကြည့်တိုက်ဝင်းအတွင်း ပြောင်းရွှေ့ထားရှိခဲ့ပါတယ်။

၂၀၁၅ခုနှစ်ဝင်ဘာလ ၂၆ရက်နေ့ညက ဓမ္မသာလာခန်းမမှာ ကျွန်တော်က “ပြည်သူချစ်သော လူထုဒေါ်အမာနှင့် အနုပညာသည်များ”ခေါင်းစဉ်နှင့် ကျွန်တော်ကဟောပြောတော့ အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့သား ဂီတမှူး ဦးရွှန်းမြိုင်က “စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ အနှစ်၁၀၀ပြည့်”ကို ဂုဏ်ပြုတဲ့ အဖွင့်သီချင်းရးစပ်ပေးပြီး မြို့မတူရိယာအသင်းနှင့် အဆိုတော်များက သီဆိုခဲ့ကြပါတယ်။ “မိခင်သို့ နှစ်တစ်ရာပြည့် တမ်းချင်း”အမည်ရှိ သီချင်းစာသားတွေဟာ ဒေါ်ဒေါ် လူထုဒေါ်အမာရဲ့ စာရေးဆရာ သတင်းစာဆရာ ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ပေါ်လွင်ခဲ့သလို သံစဉ်တွေကလည်း ရဲရင့် တက်ကြွ ကြက်သီးထဖွယ်ပါပဲ။

“ မိခင်သို့ နှစ်တစ်ရာပြည့် တမ်းချင်း”
(တေးရေး – မြို့မဦးရွှန်းမြိုင်)

– မိခင်သို့ ၊ မှန်းမျှော်လို့ ၊ အလွမ်းပြေဖို့ ၊အကြောင်းပြုကာ ၊ပေါင်းစုကာ ၊ ကြုံလာ….၊ ဒီပွဲ..။
မိခင်သို့ ၊ မှန်းမျှော်လို့ ၊ အလွမ်းပြေဖို့ ၊အကြောင်းပြုကာ ၊ပေါင်းစုကာ ၊ ကြုံလာ….၊ ဒီပွဲ..။
နှစ် တစ်ရာပြည့် ၊ တမ်းချင်းတစ်ပုဒ်နဲ့ ၊အောက်မေ့ခြင်းများစွာ….အောက်မေ့ခြင်းများစွာ….
ဒို့တစ်တွေ ၊ ဒို့တစ်တွေ ၊ ဒို့တစ်တွေ ၊ရင်ထဲ ထာဝရ။

– ပြည်သူချစ်သော အနုပညာသည်များ….ပြည်သူချစ်သောအနုပညာသည်များ…..
စာပေ ၊ ဂီတ ၊ ဇာတ်သဘင် ၊ဂန္ထဝင် စံထားလောက်စရာ ၊မှတ်ကျောက် ကမ္ပည်းတင်ကာ…။

– (ရဲသွေးနီ ရှေ့တန်းကသတင်းစာဆရာ။
အတွေးသစ်လွင် ခေတ်ရှေ့မြင် ၊ စာရေးဆရာ….)၂
အများအကျိုးအတွက် ၊ လူထုရဲ့ သတင်းစာဆရာ..၊
သမိုင်းနဲ့ချီညွှန်းရမယ့် စာရေးဆရာ.။

– အများအကျိုးအတွက် ၊ လူထုရဲ့ သတင်းစာဆရာ..၊သမိုင်းနဲ့ချီညွှန်းရမယ့် စာရေးဆရာ

အို……ဒို့ရဲ့ မိခင်…၊ အို….. ဒို့ရဲ့ မိခင်…. ၊ လူထုဒေါ်အမာ..။

#voiceofmyanmar #VOM #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW