ပြင်ပဈေးကွက်ထဲ စားသုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ကော်မတီရည်ညွှန်းဈေး တဖြည်းဖြည်းတက်လာနေ

နိုဝင်ဘာ ၂၉ – ၂၀၂၂
SN (VOM)

လက်ရှိ ပြင်ပဈေးကွက်မှာ ပြည်တွင်းစားသုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ကော်မတီရည်ညွှန်းဈေးကတော့ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းဈေးဟာ FATF ရဲ့ အမည်ပျက်စာရင်း ကြေညာပြီးတဲ့နောက်ပိုင်း အောက်တိုဘာ ၂၅ ရက်စလို့ တဖြည်းဖြည်းပြန်လည် မြင့်တက်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပြင်ပစားသုံးဆီဈေးကတော့ အမည်ပျက်စာရင်းကြောင့် ဒေါ်လာဈေးတက်သွားတဲ့အတွက် ရက်ပိုင်းလောက်သာ ဈေးနှုန်းအမြင့်ပိုင်းမှာရှိခဲ့ပေမယ့် တဖြည်းဖြည်းပြန်လည် ကျဆင်းလာနေပါတယ်။

“အခု စားသုံးဆီဈေးက ကမ္ဘာ့ဈေးကျလို့ ကျနေတာ။ ဒီ့ထက်လည်း ပိုကျသွားနိုင်သေးတယ်။ ဆောင်းရာသီလည်း ရောက်နေပြီ။ လာမယ့်နှစ် ဇန်နဝါရီလဆို ဆီအုန်းပင်တွေလည်း ပေါ်ပြီဆိုတော့ ထပ်မတက်နိုင်လောက်တော့ဘူး။ ဆီကော်မတီရဲ့ ရည်ညွှန်းဈေးကတော့ ဗဟိုဘဏ်က ဒေါ်လာအခြေအနေပေါ် မူတည်ပြီး တွက်ချက် ထိန်းချုပ် သတ်မှတ်တာဖြစ်ပါတယ်။ ပြင်ပပေါက်ဈေး ကျဆင်းချိန် ရည်ညွှန်းဈေး တိုးမြှင့်သတ်မှတ်တဲ့အတွက်ကြောင့် ဆီကုန်သည်တွေကြားမှာ ဝေဖန်မှုတွေတော့ ရှိနေပါတယ်”လို့ ဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကုန်သည်တွေအနေနဲ့ကတော့ ဈေးအတက်အကျထက် ဈေးငြိမ်ဖို့ကိုသာ မျှော်လင့်နေပြီး အတက်ဈေးနဲ့ ဝယ်ယူထားသူတွေကတော့ လက်ရှိမှာ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“တက်တာ မတက်တာထက် စျေးငြိမ်ရင်တော်သေးတယ်။ အခုဟာက ဆက်တိုက်ကျနေတာ။ ရှေ့ဝယ်နောက်ရှုံး အခြေအနေဖြစ်နေတာ။ ဆောင်းတွင်းဆီခဲရင်လည်း ထပ်ကျဦးမှာ။ ဒီနေ့ဝယ် နောက်နေ့ စျေးကျနဲ့ပဲ ကြုံနေတော့ ဆီဝယ်ရမှာတောင် ကြောက်တယ်”လို့ နောက်ထပ် ဆီကုန်သည်တဦးက ပြောပါတယ်။

ဆီကော်မတီအနေနဲ့ စားသုံးဆီ အခြေခံလက်ကား ရည်ညွှန်းဈေးကို တပတ်တကြိမ် ထုတ်ပြန်ပေးနေတာဖြစ်ပြီး အောက်တိုဘာ ၂၅ ရက် ကနေ ၃၀ ရက်အထိ ရည်ညွှန်းဈေးကို ၁ ပိဿာ ၄၁၇၅ ကျပ်၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ၄၂၂၅ ကျပ်၊ နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ၄၃၃၀ ကျပ်၊ ၁၄ ရက်မှ ၂၀ ရက်အထိ ၄၃၅၀ ကျပ်၊ ၂၁ မှ ၂၇ ရက်အထိ ၄၃၈၀ ကျပ် စသဖြင့် အသီးသီး သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လျက်ရှိကာ အမည်ပျက်စာရင်း မကြေညာမီကတော့ ရည်ညွှန်းဈေး ၁ ပိဿာ ၃၉၆၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

ပြင်ပဈေးကွက်မှာတော့ စားသုံးဆီပေါက်ဈေးဟာ အောက်တိုဘာလ ၂၁ ရက်နေ့ အမည်ပျက်စာရင်းကြောင့် ရက်ပိုင်းလောက်သာ ကျပ် ၉၀၀၀ ဝန်းကျင်အထိ ဈေးခုန်တက်သွားခဲ့ပေမယ့် အဲ့ဒီ့နောက်မှာတော့ ၆၄၀၀ ကျပ် ဝန်းကျင်ကို ပြန်ရောက်ခဲ့ပြီး တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ ၅၄၅၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

“ကျွန်မတို့ ပြည်သူတွေအတွက်ကတော့ စားသုံးဆီဈေး ကျလာတာကို ဝမ်းသာတယ်၊ ကြိုဆိုတယ်။ ဒီ့ထက်ကျဖို့ကိုလည်း မျှော်လင့်တယ်။ အခုက အစစအရာရာ ကုန်ဈေးနှုန်းတွေက တက်နေတာဆိုတော့ ပြည်သူတွေအနေနဲ့က ဈေးတခါသွားလိုက်ရင်ကို ရင်တမမနဲ့ဖြစ်နေရတာဆိုတော့လေ။ ဈေးတွေကျဖို့ကိုပဲ မျှော်နေရတယ်”လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ ပြင်ပ ဒေါ်လာပေါက်စျေးကတော့ ရောင်းဈေး ၂၈၉၀ ကျပ် ၊ ဝယ်ဈေး ၂၈၆၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #စားသုံးဆီစျေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW