သတင်းထောက်ဟောင်း ကိုမျိုးစံစိုး အပါအဝင် ၇ ဦးကိုအကြမ်းဖက်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

နိုဝင်ဘာ၊၃၀-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့ ၊ ဖျာပုံထောင်တွင်းတရားရုံးကနေ DNA သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို အပါအဝင် ၇ ယောက်ကို ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ ထောင်ဒဏ်ချမှတ်ခံရသူ သတင်းထောက် ၁ ယောက်အပါအဝင် ၇ ယောက်ဟာ ဆန္ဒပြရာမှာပါတယ် ၊ တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ် ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်အတွင်းက ဖမ်းဆီးခဲ့ရသူတွေ ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦး ကပြောပါတယ်။

”သတင်းထောက်ကိုမျိုးစံစိုး က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) အတွက် ထောင်ဒဏ် ၁၀ နှစ် နဲ့ ပုဒ်မ ၅၂ က အတွက်က ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ၁၅ နှစ်ချမှတ်ခဲ့တာ၊ သူက အရင်က BNI၊ DNA စတဲ့ သတင်းဌာနတွေမှာ သတင်းထောက်၊ ရုပ်သံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူတဦးပါ။”လို့ သူကပြောပါတယ်။

ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရတဲ့ သတင်းထောက်ဟောင်း ကိုမျိုးစံစိုးနဲ့အတူ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေကလည်း လူငယ်တွေဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။

”အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့် တရားစွဲ ထောင်ချတာတွေက လွဲနေတယ် ၊ သတင်းထောက်လုပ်တယ် ၊ ပရဟိတလုပ်တယ် ဒါကို အကြမ်းဖက်နဲ့ထောင်ချတယ် ၊ နောက်ပြီး ဒီကနေ့ ထောင်ဒဏ်ချမှတ်ခံရသူတွေက လူငယ်တွေ အားလုံးက အကြမ်းဖက်တဲ့ လုပ်ရပ် လုပ်ထားသူတွေ မဟုတ်ဖူး ၊ သူတို့ထဲက ကိုဇင်မျိုးထက် ၊ ကိုဘိုဘိုဇော် ၊ ကိုသန့်ဇင်ဦး ၊ ကိုကျော်မိုးတို့ကို အကြမ်းဖက်ပုဒ်မ ၅၀ (ည)နဲ့ ထောင် ၁၀ နှစ်စီနဲ့ ၅၂ (က)နဲ့က ထောင်ဒဏ် ၅ နှစ်စီ ချတယ် ၊ ပုဒ်မ ၂ ခုစီအတွက် ၁ ယောက်ကို ထောင်ဒဏ် ၁၅ နှစ်စီပါ ၊ နောက်ထပ် ၂ ယောက်ကတော့ ကိုသီဟဖြိုး နဲ့ ကိုကျော်ဇင်ဟိန်းတို့ပါ သူတို့ကိုလည်း အကြမ်းဖက်ဥပဒေနဲ့ပဲ ၅၀(က)နဲ့က ထောင်ဒဏ် ၁၀ နှစ် ၊ ၅၂ (ဂ)နဲ့ ၇နှစ်ပါ ၊ ပုဒ်မ ၂ ခုအတွက်ဆို ၁ ယောက် ကို ထောင်ဒဏ် ၁၇ နှစ်စီချမှတ်ခံရတာ။”လို့ သူကဆက် ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယအပတ်ကလည်း ဇလွန်မြို့ နယ် ၊ မဟာသာကျေးရွာက ရာအိမ်မှူး ၁ ယောက်ကို သတ်ရာမှာပါဝင်တယ်ဆိုပြီး အမျိုးသမီး ၂ ယောက်အပါအဝင် ဒေသခံ လူငယ် ၇ ယောက်ကို ဟင်္သာတအကျဉ်းထောင်တွင်း တရားရုံးကနေ နှစ်ရှည် ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ်၂၀ အထိချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖျာပုံ

Related posts

Leave a Comment

VOM News

FREE
VIEW