ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ် ချမှတ်ခံရ

ဒီဇင်ဘာ ၁ – ၂၀၂၂
SN (VOM)

ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦးကို မနေ့ နိုဝင်ဘာ ၃၀ ရက်က အင်းစိန်ထောင်တွင်းတရားရုံးကနေ ပုဒ်မ ၃၀၂ (က) နဲ့ သေဒဏ်ချမှတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက အတည်ပြုထုတ်ပြန်ထားပါတယ်။

သေဒဏ်စီရင်ချက် ချမှတ်ခံရသူတွေကတော့ မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက်ဇော်၊ မောင်ဟိန်းထက်၊ မောင်သက်ပိုင်ဦး၊ မောင်ခန့်လင်းမောင်မောင် တို့ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့မှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်အပြင် အခုနှစ် ဧပြီလ ၁၈ ရက်က ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ(တောင်ဒဂုံဘဏ်ခွဲ) ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း အပစ်ခံရပြီး သေဆုံးခဲ့မှုတွေနဲ့ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အင်းစိန်ထောင်တွင်း တရားရုံးက အခုလို သေဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ကျန်ရှိနေတဲ့ အမှု ၂ မှုကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

“ကျူရှင်အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေပါ ပါတယ်။ ဒီသတင်း မမှန်ပါစေနဲ့လို့ ဆုတောင်းတယ်။ ဒါပေမယ့် ကျောင်းသားသမဂ္ဂကတောင် အတည်ပြုထားတယ်ဆိုတော့ မယုံနိုင်ဘူး၊ အရမ်းကိုလည်း စိတ်မကောင်းဖြစ်ရတယ်။ တကယ်ကွပ်မျက်မှာလား မကွပ်မျက်ဘူးလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ရှေ့မှာလည်း ပုံစံတူအဖြစ်မျိုးတွေ ရှိနေတော့ စောင့်ကြည့်ရမှာပေါ့”လို့ ဒဂုံတက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့မှာပဲ တခြား လူငယ် ၅ ဦးကိုလည်း အခုနှစ် မေလ ၂၄ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း (၄၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်သန်း ပစ်သတ်ခံရမှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းစိန်ထောင်စစ်ခုံရုံးက သေဒဏ်တွေချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် ဇူလိုင်လတုန်းကလည်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်ချမှတ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ – ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
#voiceofmyanmar #VOM #ဒဂုံတက္ကသိုလ် #သေဒဏ်ချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW