နွေ မိုး ဆောင်း တောင်သမန်

ဆူးငှက်

အမရပူရ၏ အထင်ကရဖြစ်သော တောင်သမန်အင်းနှင့် ဦးပိန်တံတား ဝန်းကျင်က လွန်ခဲ့သော ဆယ်စုလေးစုနှစ်များ မတိုင်ခင်အထိ လွမ်းဆွတ်ဖွယ် ရှေးဟောင်းမြို့ပြပုံရိပ်များကို ထင်ဟပ်ဆဲဖြစ်ခဲ့၏။
သက္ကရာဇ် ၁၂၁၃ (ခရစ် ၁၈၆၁)က ပုဂံမင်း၏ မြို့စာရေးဦးပိန်က အင်းဝနန်းတော်ဟောင်းက သစ်သားဟောင်းများဖြင့် မူလက ၉၈၄တိုင် (ယခုနောက်တိုးဖြင့် ၁၀၈၆တိုင်)၊ အရှည် ၃၉၆၇ပေရှိသည့် သစ်သားတံတားကြီးကို တည်ဆောက်ခဲ့ရာ ယခုအချိန်အထိ ထိုမူတံတားပုံစံနှင့် မယွင်းမတိမ်းစေရအောင် မဟာဂန္ဓာရုံ ဆရာတော်များနှင့် တောင်လေးလုံးဆရာတော်တို့က ၁၉၉၀ ဝန်းကျင်ကာလအထိ အဆက်ဆက် ကြပ်မတ်ခဲ့ကြသည်။

တောင်သမန်အင်းကလည်း သဘာဝအတိုင်း ရှိသောကြောင့် တစ်နှစ်တွင် မိုးတွင်းလေးလခန့်သာ အင်းအတွင်း ရေရှိသည်။ ရေရှိချိန်သာ တံတားတိုင်တွေ ရေနှင့်ထိစပ်သည်။ ကျန်ရှစ်လမှာက ကိုင်းမြေတွေပေါ် မားမားရပ်နေသော တံတားတိုင်ခြေတွေ ကို ရေနံချေး ဝနေအောင် သုတ်လိမ်းထိန်းသိမ်းပြီး အခြားလိုအပ်မှုတွေကို ပြုပြင်ကြသည်။ ထို့ကြောင့်လည်း ကျွန်းသားအဟောင်းနှင့် တံတားအိုကြီးက နှစ်ပေါင်းရာချီ တည်တံ့ခဲ့သည်။ ထို့ကြောင့်လည်း အမရပူရနှင့် တောင်သမန်က နိုင်ငံခြားခရီးသွားတွေရဲ့ ခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

ပေ လေးထောင်နီးပါး အရှည် သံကူကွန်ကရစ် တံတားကြီး ဆိုပါက ဘယ်ကမှ လှည့်ကြည့်မှာပင် မဟုတ်။ သစ်သားတိုင်ဟောင်း၊ ယက်မဟောင်း၊ ထုပ်ဟောင်း ဒိုင်ဟောင်း ပန်းဆွဲဟောင်းများနှင့်မို့ တချို့နေရာမှာ ဟင်္သာပြဒါးအနီ တစ်ပိုင်းတစ်စ၊ တချို့နေရာမှာ ရွှေပိန်းချ အစွန်းအစ..။ တချို့နေရာမှာ ပန်းပုလက်ရာ အစအနများ ပါဝင်နေသဖြင့် ဦးပိန်တံတားကြီးကို စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။

ဦးပိန်တံတား၏ သည်မှာဖက်တွင် အင်းစပ် ကမ်းခြေတစ်လျှောက် သက်တော်ရှည် မယ်ဇယ်ပင်တန်းကြီးက အကိုင်းချင်းယှက်..၊ အရိပ်ချင်း ဆက်ကာ စီတန်း နေရာယူထား၏။ ပုဂံမင်းလက်ထက် ခရစ်နှစ် ၁၈၅၀ခန့်က ရေးဆွဲသည်ဟု ခန့်မှန်းရသော မြေပုံပုရပိုက်တွင် မယ်ဇယ်ပင်တန်းဟု မပါရှိခဲ့သဖြင့် ၁၈၇၅ခုနှစ်ခန့်ကမှ စိုက်ပျိုးခဲ့ပုံရသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ မူလ စတင် စိုက်ပျိုးခဲ့သူများကတော့ ရေချမ်းဒကာ ဦးကြီး -ဒေါ်ညွှန့်၊ တူ ဦးရှင်၊ သား ဦးထွန်းတင်တို့ဖြစ်သည်ဟု သိရသည်။ ယခင်က မယ်ဇယ်ပင်ပါင်း ၁၀၃ပင်ရှိသော်လည်း ၁၉၉၀ကျော်ဝန်းကျင်တွင် ၉၅ပင်သာ ကျန်တော့ရာ ယခုအခါ ထိုအရေအတွက်ထက် များစွာ လျော့နည်းသွားပါပြီ။

မယ်ဇယ်ပင်တန်းကပြီးတော့ တောင်မင်းကြီးဘုရား ရှိသည်။ နွေဦးပေါက်လေးများရာက်ပြီဆိုလျှင် မယ်ဇယ်ပင်တန်းအောက်တွင် လှည်းလမ်းကြောင်း ပေါ်လာပြီး ယာတဲသွား၊ ကိုင်းတဲသွား လှည်းတွေ တအီအီနှင့် ဖုန်တလုံးလုံးနှင့် တံတားကြီးအောက်က ဟို..ကိုင်းတော ယာတောဆီ သွားကြပြီ။ အင်းအလယ်မှာ ချောင်းရေက စပ်စပ်ပဲရှိ၏။ ပဲခင်း ၊နှမ်းခင်း၊ ကိုင်းခင်းတွေက တမျှော်တခေါ် ..။ ကိုင်းလယ်ယာတဲဆီက မီးခိုးငွေ့ငွေ့ အူသည်..။
ထိုမြင်ကွင်းကား ဆောင်းဦးပေါက်မှလယ်အထိ..။

ဝါဆိုဝါခေါင်ရဖောင်ဖောင် အချိန်မှာတော့ ယာတွေ ကိုင်းတွေအားလုံး ရေပင်လယ်က ပြည်ဖုံးကားချပေးလိုက်သည်။တောင်သမန်ကား ထိုစဉ်က ချစ်စဖွယ် သုံးရာသီအလှကို မရိုးရအောင် ရင်သပ် ရှုမော ဖွင့်လှစ်ပြခဲ့၏။

တံတားအရှေ့ဘက်မှာ ထန်းလတ်တဲကလေး ရှိသည်။ ဇရပ်အို ဇရပ်မင်းတွေရှိသည်။ မေဃဝတီ တောင်သမန်ကျောင်းတိုက်ကြီးမှ အကြွင်းအကျန် တံတိုင်းအိုကြီးတွေ ရှိသည်။ ကျောင်းတိုက် အုတ်ခုံကြီးတွေ ရှိသည်။ ပြီးတော့ နန္ဒမူလိုဏ်ဂူအလား တောင်သမန်ကျောက်တော်ကြီး ဂန္ဓာကုဋီတိုက်ကြီးက မိုးသို့စွင့်သည်။ သည် ဝန်းကျင်တစ်ခွင်ကို စိမ်းညို့မှိုင်း ထန်းတောက အထပ်ထပ် ဝန်းရံပတ်ထားသည်။ ထန်းပင်၊ ထန်းလတ်၊ ထန်းရွက် အသွယ်သွယ်ကြားမှ လမ်းစဉ် လမ်းဆက် လမ်းလက်တက်များ အလျှိုလျှို။ ထိုလမ်းများ နဘေးမှာ ထန်းလက် အကြော်တဲလေးများ ရှိသည်။ အမိုးနိမ့် ဇရပ်အိုလေးများ ရှိသည်။ ထန်းလက်မိုး၊ ရေအိုးစင်လေးများ ရှိသည်။ ထန်းလက် ကုလားထိုင်များ ပြုလုပ်သည့် လုပ်ငန်းခွင်ကလေးများ ရှိသည်။ ဒါကဟိုး..အရင်တုန်းက ဖြစ်သည်။

အခု မယ်ဇင်ပင်တန်းမှာ တံတားထိပ်ကအစ တောင်လေးလုံးကျောင်းတိုက်အထိ နံကပ်ဆိုင်ခန်းတွေ ဖြစ်ကုန်၏။ အင်းရေစပ် သဘာ၀အလှနေရာတွင်တော့ ဈေးတိုက်ခန်းများက အစားထိုးသွားသည့် သဘောဖြစ်သည်။ ဟိုး အရှေ့တောင်သမန် ကျောက်တော်ကြီး ထန်းတောကတော့ “ရတနာပူရ
တက္ကသီလာကြီး” ဖြစ်သွား၏။

ကုန်လွန်ခဲ့သော နှစ်ကာလများအတွင်း တောင်သမန်ဝန်းကျင်နှင့် ဦးပိန်တံတား၏ သုံးရာသီအလှကို အလျင်အမြန်ဆုံး ပြောင်းလဲသွားစေသည့် အခြေအနေများက ၁၉၉၀ကျော် ဝန်းကျင်ကာလများတွင် ဖြစ်ပေါ်ခဲ့သည်။ အင်းအတွင်း ၁၂ရာသီ ရေပြည့်စေကာ ငါးဖမ်းလိုင်စင်ဖြင့် စီးပွားရေးလုပ်ကွက်များ ဖော်ဆောင်လာသည်။ နာမည်ကျော် မယ်ဇယ်ပင်တန်းတွင် အခိုင်အမာ အဆောက်အဦးများဖြင့် ဈေးဆိုင်တန်းများကို နေရာချထားလိုက်ပြန်၏။ ထို့ပြင် စက်မှုမြို့သစ်စီမံကိန်းများကလည်း တောင်သမန်အင်း၏ ရေဝေရေလွဲ နေရာများမှာ ရေဆိုးစွန့်ပစ် ဧရိယာတွေဖြစ်ကုန်သည်။ ဒီအပြောင်းအလဲတွေက အကန့်အသတ် တစ်ခုမှာ ရပ်တန့်နေတာ မဟုတ်။ နေ့စဉ် လစဉ် နှစ်စဉ် ကြီးမား ကျယ်ပြန့်လာသည်။ ဆယ်စုနှစ် ၂စုကျော် အပြောင်းအလဲ မရှိသော ရေသေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာသည်။ ဈေးဆိုင်ခန်းတွေက အကန့်အသတ်မရှိ တိုးလာလိုက်တာ အင်းရေထဲထိ ရောက်လာသည်။ စက်ရုံများ၏ ရေဆိုးစွန့်ထုတ်မှုက အင်းရေသေထဲ အဘယ်မျှ ရောက်ရှိနေစေသလဲ မသိ။ သည်ကြားထဲ ငါးဖမ်းလိုင်စင်ရသူနှင့် အတိုက်အခံကြား အင်းရေ ညစ်ညမ်းစေသော လုပ်ရပ်များလည်း ရှိသည်ဟု ဆိုပြန်သည်။ တောင်သမန်နှင့် ဦးပိန်တံတား၏ “သုံးပန်လှ”ဆိုတာ မျက်မမြင်ပုဏ္ဏား ၆ယောက်၏ ဆင်ဆိုသည်မှာ ဟူသော အဖြေနှင့် ငြင်းခုန်နေကြသလို အဖြေမှန်မရ ဖြစ်နေကြသည်။

သေချာတာကတော့ ပြောင်းလဲတိုးတက်လာသော မြို့ပြသဘာဝအရ ရှေးရှေးကလို တောရိပ် တာင်ရိပ်ကြားက သဘာဝကျသော “သုံးပန်လှ”ကိုတော့ တမ်းတနေလို့ မရနိုင်တော့။ “ တောအစမှာဖြင့်ဒါနရယ်တဲ့ ဇီဇဝါ ဇီဇဝါ ”လုပ်နေလို့ မရတော့။ “ မြိုင်ဟေဝန်ရယ်၊ မြိုင်ဟေဝန်ရယ်..၊ ရေတံခွန်စိမ့်စမ်း.. လွမ်းဖွယ်ရာ..”လည်း လုပ်လို့ မရတော့။ မန္တလေး၏
တဟုန်တိုးကျယ်ပြန့်လာသည့် မြို့ပြ ကွန်ကရိတောက သဘာ၀ သစ်တော ဝါးတောတွေကို တွန်းထုတ် သွားချေပြီ။ ဒါဖြင့် တောင်သမန်ကို ဒီအတိုင်း ပစ်ထား လက်ပိုက်ကြည့်နေမလား၊ ဒီလိုလည်း မဟုတ်။ တောင်သမန်၏ မူလ ရေနေသဘာဝကို ပျက်စီးစေခဲ့သည့် ရေဝင် ရေထွက်ကိစ္စများ ပြင်ဆင်ပေါ့။ မယ်ဇယ်ပင်တန်းနှင့် အင်းရေ အင်းအလှကို ထိခိုက်စေမည့် လုပ်ရပ်များ ဆင်ခြင်ပေါ့။ ဒါနှင့် မပြီးသေး။ ခေတ်က ရပ်တန့်နေမှာမဟုတ်။

တောင်သမန် ဝန်းကျင်မှာရှေးရှေးက နန်တော်ရှေ့ဆရာတင်ရးစပ်သလို “ သန်းခေါင်ကျော်လျှင် နတ်စည်မောင်းသံ ကြားရသည့်”တောင်သမန် မဟုတ်တော့။ စက်မှုမြို့ဇုန်ဖက်ရှိ စက်ရုံတွေက ဥသြသံတွေ၊ အမြန်လမ်းမကြီးပေါ်က အဝေးပြေးကားသံတွေ၊ မြို့ထဲက စက်ရက်ကန်းသံတွေ၊ ထော်လာဂျီသံတွေ၊ ဘ့စ်သံပြင်းပြင်နှင့် သီချင်းသံတွေ ဆူညံနေသည့် တောင်သမန်ဖြစ်သွားချေပြီ။ရှေးကလို ငှက်ရွှေ ဟင်္သာတွေ ဟိုပျံ သည်ပျံသည့်တာချည်း ပကတိတောင်သမန်လည်း မဖြစ်နိုင်တော့။

သည်လို မဖြစ်နိုင်တော့လို့ အဆင်ပြေသလို နေကြပေရော လုပ်ကိုင်စားကြပေရောဟုလည်း ဥပက္ခာပြုလို့ မရ။ မြို့ပြထဲက တောင်သမန်ဖြစ်သွားလို့ လမ်းဘေးကမြန်မာမှု ရေအိုးစင်မှာပင် ကနုတ်ပန်းနှင့် သစ်သားစင်ပေါ် ရွာထောင်ပာသိုအိုး တင်ထားသော်လည်း ရေသန့် ၂၀လီတာဝင် ပုံးနှင့် ရေဖြည့်ပြီး စတီးရေအိုးဖုံးပေါ် စတီးမတ်ခွက တင်ထားရမည် မဟုတ်လော..။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW