ဂီတပညာရေးမဏ္ဍိုင် မြို့မ ဦးရွှန်းမြိုင်

———————————————
ဆူးငှက်

၁၉၂၅ခုနှစ်မှာ စတင်သန္ဓေတည်ခဲ့တဲ့ “မြို့မ ဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်းတူရိယာအသင်း”ကို၊ ဦးဘသက်၊ ဓားတန်းကိုသန့်၊ ကိုဗဒင်၊ ကိုလှဒင်၊ ဆိုင်းတန်း ကိုမြသိန်း၊ ကိုဘငွေ၊ ကိုဘအုန်းတို့နှင့်အတူ ကိုဘငြိမ်း ခေါ် ကိုကျော်ညိန်းဟာ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့တာပါ။ တောက်မယ့်မီးခဲ တရဲရဲမို့ “မြို့မ” ဆိုတဲ့ နာမည်ကိုလည်း ကိုကျော်ညိန်းကပဲ ပေးခဲ့ပါတယ်။

၁၉၂၅ ခုနှစ်မှာ စတင်သန္ဓေတည်ခဲ့တဲ့ “မြို့မ”
ဟာ ၁၉၂၈ ခုနှစ်ရောက်တော့ အသင်းဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ၊ ရည်ရွယ်ချက် စည်းကမ်းချက်များနှင့်
စနစ်တကျ ဖွဲ့စည်းခိုင်မာနိုင်ခဲ့ပါပြီ။ “မြို့မ”က ဒီလို စနစ်တကျ ဖွဲ့စည်းရာမှာ အဓိကအကျဆုံး ရည်ရွယ်ချက်များကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ကြပါတယ်။

ဒီရည်ရွယ်ချက် တွေကတော့ …
(က) မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊
(ခ) ကမ္ဘာသုံး တူရိယာများ လေ့လာသင်ကြား တတ်မြောက်ရေး၊
(ဂ) Music Note အမှတ်အသားပညာဖြင့် ရေးထားသော တူရိယာပညာကို ဆည်းပူးလေ့လာရန်၊
(ဃ) ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး၊
(င) ရှေးမြန်မာသီချင်းကြီးများကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ္ဘာသုံးဖြစ်သော Music Note ပညာဖြင့် ကူးပြောင်း လေ့လာရန်
(စ) မြန်မာနိုင်ငံတော်အတွင်း တူရိယာအသင်းများက ဆက်သွယ်ပါလျှင် တတ်အားသမျှ အားပေးကူညီရန် လို့ ဖြစ်ပါတယ်။

အသင်းဖွဲ့စည်းကတည်းက မိမိတို့ ချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်များအတိုင်း ကိုကျော်ညိန်း ခေါ် မြို့မငြိမ်းကလည်း ဓားတန်းကိုသန့်နှင့် ပူးပေါင်းပြီး “တာဝန်သိစွာ”၊ “တာဝန်ရှိစွာ”၊ “တာဝန်ယူဆောင်ရွက်ခဲ့တာပါ။ ဥရောပ ဂန္ထဝင်တးကြီးဘွဲ့ကြီးများကို နားထောင်လေ့လာ မှတ်သား သုံးသပ်ပြီး မြန်မာ့ဂီတမှ ကမ္ဘာ့ဂီတအဆင့် ဖြစ်ထွန်းရေးအတွက် မြို့မတူရိယာအသင်းကြီးကို အခြေခံပြီး တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တာပါပဲ။

ဒါကြောင့် မြို့မငြိမ်းဟာ အသင်းမှာ အခြားသော စီမံခန့်ခွဲမှု တာဝန်များကို မယူဘဲ၊ “ဂီတပညာရေး” တာဝန်ကိုသာ ယူကာ ဂီတအနုပညာအလုပ်များကိုပဲ တစ်လျှောက်လုံး ခေါင်းခံလုပ်ကိုင် အားထုတ်ခဲ့တာပါ။ တစ်ဖက်ကလည်း မန္တလေးရွှေမြို့တော်ရဲ့ ဂုဏ်သိက္ခာနှငလျာ်ညီတဲ့ “ယဉ်ကျေးမှု”အစဉ်အလာတွေကို မပစ်ပယ်ခဲ့တဲ့ ခေတ်နှင့်အညီ ထပ်ချပ် လိုက်ပါစေတဲ့ တေးသီချင်း၊ တေးဂီတများကို ရေးစပ်
ဖွဲ့စည်းပေးခဲ့တယ်။ ငယ်စဉ်ကတည်းက လေးစားလိုက်နာ နည်းယူခဲ့တဲ့ ဂီတပညာရှင်ကြီးများဖြစ်တဲ့
စောင်းဆရာကြီး ဒေဝဣန္ဒာမောင်မောင်ကြီးနှင့် နေမျိုးဗလကျော်သူ ရွာစားကြီး စိန်ဗေဒါတို့ရဲ့ ဂီတအဆီအနှစ်များကို နှလုံးသားထဲ စွဲနှစ်မှတ်ယူကာ သီချင်းဂီတများ ရေးစပ်သီဖွဲ့ခဲ့တာမို့ မြို့မငြိမ်းရဲ့
သီချင်းများမှ ခံ့ညားယဉ်ကျေးတဲ့ ဂန္ထဝင်ဂီတဟန်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီအခြေခံပေါ်မှာ
မျှော်လင့်ရည်ရွယ်တဲ့ “ကမ္ဘာ့ဂီတ”ဖြစ်ရေး စိတ်ကူးကြောင့် အတွေးသစ်၊ အဖွဲ့အနွဲ့သစ်များနှင့် “နှစ်ဖက်လှ”ဖြစ်နေတာဟာ မြို့မငြိမ်းရဲ့ ထူးခြားချက်များပါပဲ။ ဒါကြောင့်လည်း ဒီကနေ့အထိ နှစ်ကာလယန္တရားကို ကျော်ဖြတ်ပြီး မြို့မငြိမ်းက ဆန်းသစ် ခိုင်မာနေဆဲပါ။

အလင်္ကာကျော်စွာ မြို့မငြိမ်း ထုဆစ်သွန်းလောင်း ပုံဖောင်မာစေခဲ့တဲ့ သက်တော်ရှည် မြို့မတူရိယာအသင်းက သက်တမ်း ၁၀၀နီးပါး ကာလတစ်လျှောက်လုံးပျိုစဉ်မှသည် ရင့်ကျက်သည့်ထိ သီဆိုတီးမှုတ်ခဲ့မှု ဂီတဖွဲ့စည်းမှုများနှင့် သီချင်းဂီတများကို တင်ဆက်ခြင်းနှင့် ရောင့်ရဲမနေဘဲ မြို့မငြိမ်းကိုယ်နှိုက်က ရည်ရွယ်ချက်ကြီးကြီးနှင့် မျှော်လင့် ပုံဖော်လိုသည့် “ကမ္ဘာ့ဂီတ”ပုံစံဖြစ်တဲ့ သြဂက်စတြာ သံစုံတီးဝိုင်းကြီး ဖြစ်ထွန်းရေးကိုလည်း ဦးတည်ဆောင်ရွက် ကြိုးပမ်းကြရပါမယ်။

တကယ်တော့ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းဟာ ဧည့်ခံသီချင်း၊ အချစ်သီချင်း၊ ရုပ်ရှင်သီချင်း၊
အငြိမ့် သီချင်း၊ ဓာတ်ပြားသီချင်းတွေ ရေးစပ်ခဲ့တယ်ဆိုငြား သီချင်းစပ်ခြင်း၊ ရေးခြင်းဆိုတဲ့အလုပ်ဟာ ဆရာမြို့မငြိမ်းဆာင်ရွက်နေတဲ့ “ဂီတအလုပ်” မှာ ကျွဲကူးရေပါ ပါဝင်လာတဲ့ ကဏ္ဍတစ်ခုသာ
ဖြစ်ပါတယ်။ ဆရာမြို့မငြိမ်း ရည်မှန်းတာက မြန်မာ့ဂီတမှသည် ကမ္ဘာဂီတအဆင့်ပါ။ မြန်မာ့ဂီတကို အခြေခံပြီး ကမ္ဘာ့အဆင့်မီ သံစုံတီးဝိုင်းကြီးနှင့် “ကမ္ဘာသိ၊ ကမ္ဘာကြည့်” ဂီတဖြစ်ရေးပါ။ ဒါကြောင့် ဆရာ့လက်နှင့် ထုဆစ်ခဲ့တဲ့ မန္တလေး မြို့မတူရိယာအသင်းကြီးအတွက် ရေးစပ်ပေးခဲ့တဲ့ သီချင်းတိုင်း၊ ဂီတတိုင်းဟာ ဒီရည်ရွယ်ချက်များအတွက် ဒီမဏ္ဍိုင်ကြီးအတွက် စုဆောင်းခဲ့တဲ့ အစိတ်အပိုင်းတွေ၊ အုတ်ချပ်တွေ၊ ကျောက်ဆိုင် ကျောက်သားတွေချည်းပါပဲ။
××××× ×××××

၂၀၀၈ခုနှစ်လောက်က ကျွန်တော်နှင့်ရင်းနှီးတဲ့ အနုပညာမြတ်နိုးသူ ဦးသိန်းလွင်(ကျောက်ပုထိုး) (စာရေးဆရာမောင်ဟံသာ)က မြို့မတူရိယာဝိုင်းပြည့်နဲ့ သီချင်းစီးရီး တစ်ချပ်စာကို ဆရာဦးရွှန်းမြိုင်(မြို့မ)နဲ့ လုပ်ကိုင်ချင်ပါတယ်လို့ ပြောဆိုလာပါတယ်။ ဒီ့အတွက် ဆရာဦးရွှန်းမြိုင်ကို အပူကပ်တော့ ဆရာက သီချင်း ၁၂ပုဒ်ရွေးပေးပါတယ်။ ဆရာဦးရွှန်းမြိုင်ဆိုတာ ဆရာမြို့မငြိမ်းရဲ့ သားဖြစ်ပြီး ဖခင်ရဲ့ ဂီတအမွေကို ဆက်ခံတဲ့ ပညာတတ် ကျောင်းဆရာတစ်ဦးဖြစ်ပါတယ်။ အဲ့ဒီကာလ မြို့မတူရိယာအသင်းမှာ ပညာရေးဥက္ကဋ္ဌနဲ့ ဂီတမှူးတာဝန် ယူထားချိန်ပါ။ ဆရာဦးရွှန်းမြိုင်ရွေးတဲ့ သီချင်း၁၂ပုဒ်ထဲမှာ ထူးထူးခြားခြား သီချင်းတစ်ပုဒ် ပါလာပါတယ်။ ဒီသီချင်းက ဆရာမြို့မငြိမ်းရဲ့ “နှိုင်းတော့ကြည်ဖြူ” ဆိုတဲ့ သီချင်းပါပဲ။

““နှိုင်းတော့ကြည်ဖြူ””သီချင်းကို ဆရာမြို့မငြိမ်းသားကြီး သန်းအောင်ခိုင် ပြုစုနေတဲ့ “မြို့မငြိမ်းဘဝနှင့် သူ့အနုပညာ ”ဆိုတဲ့ စာအုပ်ထဲမှာ “နှိုင်းတော့ကြယ်ဖြူ”ဆိုပြီး ဖော်ပြ ပါရှိထားတယ်။ ဒါကို မြို့မချစ်သူ သီချင်းဝါသနာရှင် တစ်ဦးက ဆရာဦးရွှန်းမြိုင်ကို ပြောဖူးသတဲ့။
သူကြားဖူးထားတာက “နှိုင်းတော့ကြည်ဖြူ” ပါတဲ့။ ဒ့ါကြောင့် ပြန်လည် စိစစ်ပေးပါဦးပေါ့လေ။ ဒီကတည်းက ဒီသီချင်းနဲ့ ပတ်သက်ပြီး ဆရာဦးရွှန်းမြိုင်က စာသား အတိအကျရအောင် ရှာဖွေနေခဲ့ပါတယ်။ ဒီသီချင်းဟာ စစ်ပြီးခေတ်မှာမှ ဆရာမြို့မငြိမ်းရးစပ်ခဲ့တဲ့ သီချင်းအုပ်စုဖြစ်တယ်။ သုတေသီတွေကတော့ မြို့မငြိမ်းရဲ့ စတုတ္ထခေတ် သီချင်းတွေတဲ့၊ ဒီအုပ်စုမှာ မင်္ဂလာမောင်မယ်၊ ချစ်လွန်းတင်၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ မပြီးသေးသော ပန်းချီကား၊
လက်ဆောင်မွန်၊ လူချွန်လူကောင်း၊ ယဉ်တစ်ကိုယ်မယ်၊ ပြုံးတုံ့လှယ်၊ ကိုယ့်ဒူးကိုယ်ချွန်၊ လှကြစမ်းဗျာတို့၊ စံပယ်ကုံးကလေး၊ ကြင်ဆုယူ၊ တမင်လှသူ၊ နှိုင်းတော့ကြည်ဖြူ စတဲ့ သီချင်းတွေ ပါဝင်တယ်။ “နှိုင်းတော့ကြည်ဖြူ”ကို မူလက ပဒေသာဓာတ်ပြားကုမ္ပဏီ ကိုမျိုးလှိုင် သီဆိုခဲ့တာပါ။ အခု စန္ဒရားတင်ဝင်းလှိုင်ရဲ့ ဖခင်ပေါ့…။

“နှိုင်းတော့ကြည်ဖြူ” သီချင်းပြန်ပြီး အသက်သွင်းမယ်ဆိုတော့ မူရင်းသီချင်းခေါင်းစဉ်နဲ့အတူ သီချင်းစာသားတွေ မူမှန်ဖြစ်ရေး သာမက၊ ဂီတသင်္ကေတ
စကိုးလ်တွေလည်း လိုအပ်တာပေါ့။ဖြစ်ချင်တော့ ဦးရွှန်းမြိုင်ကို ကျွန်တော့ စီးရီးအတွက် ပူဆာနေစဉ်မှာပဲ ဒီသီချင်းနဲ့ ပတ်သက်တဲ့ သီချင်းစာသား လက်ရေးသာမက သီချင်းသင်္ကေတ လက်ရေးမူပါ
ရှာတွေ့လိုက်တဲ့အခါ သားရွှေအိုးထမ်းလာတာ မြင်ရကိန်း ဆိုက်သွားပါတော့တယ်။

“နှိုင်းတော့ကြည်ဖြူ သီချင်းသာမက မြို့မငြိမ်းရဲ့ အခြားရှားပါး ဂန္ထဝင်တွေဖြစ်တဲ့ အူချင်ယောင်ဆောင်၊ ဖရဲသီးနဲ့ဘဲဥ၊ ပုဂံမင်းကြက်၊ ချစ်ရိပ်သာ၊ ကိုယ်တို့မေမြို့(ပြင်ဦးလွင်မြေအပန်းဖြေ)သီချင်းတွေလည်း ပါတယ်။ အူချင်ယောင်ဆောင်နဲ့ ဖရဲသီးနဲ့ဘဲဥက လေဘာတီမမြရင်အတွက် ရေးစပ်ပးခဲ့တဲ့ သီချင်းပါ။ ချစ်ရိပ်သာသီချင်းက အဲဒီခေတ် အဲဒီအခါက
ခေတ်စားနေတဲ့ ဘလူးစ် အသွားပါပဲ။ ကိုယ်တို့မေမြို့ (ပြင်ဦးလွင်မြေအပန်းဖြေ)က ပြင်ဦးလွင်က
ယုဝတူရိယာအသင်းအတွက် ရေးစပ်ပေးခဲ့တာပါ။ ဒါ့အပြင် ဆရာကြီး ဦဘသိန်းရဲ့ ချစ်သူစကားထာ
သီချင်း၊ ဦရွှန်းမြိုင်(မြို့မ)ရဲ့ မှာခြွေစကား၊ စစ်ထွက်စာဆို၊ ပွဲတိုင်းကျော်နဲ့ ချစ်အိပ်မက်လှေ သီချင်းတွေလည်း ပါတယ်။ သီချင်းအားလုံးလိုလိုဟာ မြို့မအသင်း ကိုယ်နှိုက်က ပြန်ဆိုပန်တီးလေ့ မရှိသလောက် နည်းခဲ့တဲ့ သီချင်းတွေပါ။ ပရိသတ်အနေနဲ့လည်း ကြားဖူးဖို့ အတော်ခဲယဉ်းနေပါပြီ။

ကဲ သီချင်းစာရင်းတွေ ရပြီ။ ရတနာသိုက် ရှာသလိုရှာရတဲ့ နှိုင်းင်းတော့ကြည်ဖြူရဲ့စာသားနဲ့ အသွားလည်း ရပြီ။ ကျန်သီချင်းတွေအတွက်လည်း ဦးရွှန်းမြိုင်က သူ့ကွန်ပျူတာနဲ့ တီးလုံးတီးကွက် ဝိုင်းဖွဲ့မှုတွေ စနစ်တကျပြင်ဆင် စီစဉ်ပြီးပြီ။ သီဆိုကြမယ့် အဆိုတော်တွေက ဇော်ဝမ်း၊ သန်းမြတ်စိုး၊ ထိပ်တင်ဆန်း၊ လွင်ဦး(မြို့မ)၊ ဇော်မျိုးထက်၊ ရီရီသန့်၊ ဝင်းဝင်းအောင်၊မမြမိုး၊ အေးသီတာ၊ မျိုးမျိုးတို့ ဖြစ်ပြီး စီစဉ်ထုတ်လုပ်သူ ဦးသိန်းလွင် (ကျောက်ပုထိုး)ကလည်း နိုင်ငံကျော်အဆိုတော်ကြီး(ဒေါ်)မာမာအေးရဲ့ တပည့်ရင်း ဓာတ်ပြားရ အဆိုတော်ဆိုတော့ သူကလည်း သူ့အဆိုတော်နာမည် အေးလွင်အောင် အနေနဲ့ ပါဝင်သီဆိုစေပါတယ်။ ဒီစီးရီးမှာ မြို့မတူရိယာဝိုင်းကြီးက တယောအုပ်စုများ အပါအဝင် တစ်ဝိုင်းပြည့် အဆိုအင်အား အတီးအင်အား ပါဝင်တယ် ဆိုတာပါပဲ။ တီးဝိုင်းပိုင်း ဆိုင်ရာအနေနဲ့ ဆရာဦးရွှန်းမြိုင်က သူစိတ်ကူးထားသမျှ စိတ်ကြိုက် ဝိုင်းဖွဲ့တီးမှုတ်မှာမို့ သီချင်းတစ်ပုဒ်စီ၊ တူရိယာပစ္စည်း တစ်မျိုးချင်းစီ အလိုက် စိတ်ကြိုက်ဖြစ်အောင် တီးလုံးတိုက်တယ်။ ဒီလို
တီးလုံးတိုက်နေဆဲမှာပဲ ဆရာဦးရွှန်းမြိုင်က မြို့မဝိုင်းအနေနဲ့ သူ့ဖခင်ကြီး လက်ထက်က စတင် စမ်းသပ်တီးမှုတ်ခဲ့တဲ့ “တေးထပ်”ကို စန္ဒရားဆရာ ဦးအုန်းမောင် မှတ်သားထားတဲ့ ဂီတသင်္ကေတလည်း ရလို့
ပြန်လည်ဖော်ထုတ် တီးမှုတ်ပါတယ်။ နဂိုမူလက ဧည့်ခံပွဲတွေမှာ အဖွင့်အနေနဲ့ အခံ့အညား တီးမှုတ်ဖို့
တေးသွားချည်း သက်သက်ပါ။ ဒါပေမယ့် ဆရာ့မှာ စေတနာတွေပါ်လာပြီး သီဆိုဖို့ စာသားကိုပါ ရေးစပ်လိုက်ပါသတဲ့။

အခုစီးရီးမှာ ဒီတေးထပ်ကိုလည်း ထည့်သွင်းချင်လို့ ကျွန်တော်က ထပ်ပြီး ပူဆာရပြန်တယ်။ဟုတ်ပါတယ်။ မြို့မဆိုတာ အသင်း စတင်ဖွဲ့စည်းစဉ် ရည်ရွယ်ချက်မှာကိုက မြန်မာ့မဟာဂီတ သီချင်းကြီးများကို ကျွမ်းကျင်သူများနှင့်ညှိနှိုင်း၍ ကမ္ဘာသုံးဖြစ်သော music note အမှတ်အသားပညာဖြင့်
ကူးပြောင်းလ့လာ တီးမှုတ်ရန်ဆိုတဲ့ အချက် ပါရှိခဲ့ပါတယ်။ ဒါကြောင့် မြို့မမူ၊ မြို့မဟန်၊ မြို့မဌာန်ဆိုတာမြန်မာ့ မဟာဂီတ သီချင်းကြီးများရဲ့တေးသွားကို အဝင်အထွက် အဆို့အပိတ် အဖိအဖော့များနဲ့ တီးမှုတ်မှုပါ။ တေးထပ်ဆိုတာကလည်း မန္တလေး ရတနာပုံခေတ်ရဲ့ အမှတ်အသားပဲ မဟုတ်ပါလား။ ဒါကြောင့် ဒီစီးရီးမှာ တေးထပ်ပါဝင်ခြင်းဟာ ပိုမိုပြည့်စုံခံ့ညားခြင်းရဲ့ အမှတ်လက္ခဏာ ဖြစ်သွားပါတယ်။

စီးရီးမှာပါဝင်တဲ့ သီချင်းတွေထဲက ပွဲတိုင်းကျော်၊ ပုဂံမင်းကြက်၊ မှာချွေစကား၊ စစ်ထွက်စာဆို၊
ချစ်သူ့စကားထာ သီချင်းတွေမှာလည်း မဟာဂီတ သီချင်းကြီးရဲ့ တေးသွား၊ အဆစ်တွေ ဖွယ်ဖွယ်ရာရာ ပါရှိတယ်။ ဒီတေးသွား၊ ဒီအသံတွေက ကျွန်တော်တို့ ကြားချင်တဲ့ မြို့မ မူဟန်တွေပါ။ အလားတူ လေဘာတီမမြရင်ရဲ့ အူချင်ယောင်ဆောင်နဲ့ ဖရဲသီးနဲ့ဘဲဥ သီချင်း၂ ပုဒ်ကိုလည်း ခေတ်နဲ့လျော်ညီတဲ့ တီးလုံးတီးကွက်တွေနဲ့ version အသစ် ဖွဲ့စည်း တီးခတ်ထားပါတယ်။ တယောနဲ့ လေမှုတ်တူရိယာတွေ ပူးပေါင်းမှုပါပဲ။ ဒီစီးရီးမှာ ဆရာဦးရွှန်းမြိုင် ရေးစပ်တဲ့ “မြတ်မင်္ဂလာ”ဆိုတဲ့ တေးထပ်ထဲက စာသားကိုပဲ
စီးရီးခေါင်းစီး တပ်ထားပါတယ်။
“ ဆိုတီးကြ မြို့မမောင်တွေ…” တဲ့။
“ ဆိုတီးကြ မြို့မမောင်တွေ…” စီးရီးဟာ မြို့မဂန္ထဝင် သီချင်းများကို စာသား မူမှန်နှင့်တကွ မြို့မမူ၊ မြို့မဟန်၊ မြို့မဌာန်နဲ့အညီ ဆရာမြို့မငြိမ်းသား၊ ဂီတမှူး ဦးရွှန်းမြိုင် ကိုယ်တိုင် မြို့မတူရိယာအဖွဲ့၊ မြို့မ တယောပညာရှင်များနှင့်အတူ စိတ်ကြိုက် တီးမှုတ် အသံသွင်းထားတာပါ။ ဒါကြောင့် ဒီအစီအစဉ်ဟာ သာမာန်စီးရီးတစ်ခု အသံသွင်းတာမျိုး မဟုတ်ဘဲ မြို့မငြိမ်းနဲ့ မန္တလေးဦးဘသိန်းရဲ့ပျောက်ကွယ်နေတဲ့ သီချင်းတွေ ဖော်ထုတ်တာ၊ တီးလုံးတီးကွက် တီးဟန်တွေကို သမားစဉ် မူဟန်အရရော၊ မူသစ်ဟန်သစ်အရရော ဝိုင်းဖွဲ့ တီးမှုတ် မှတ်တမ်းတင်တာ စတဲ့ ဂီတပညာရေး အလုပ်တစ်ခု ဆောင်ရွက်လိုက်တာပါပဲ။ တစ်နည်းအားဖြင့် သူ့ဖခင်ကြီး မြို့မငြိမ်းလိုချင်တဲ့ ဂီတပညာရေးကို ဦးစားပေး ဆောင်ရွက်လိုက်တာပါပဲ။

××××× ×××××

မြန်မာသမိုင်း အဆက်ဆက် ထီးစိုက်နန်းစိုက် မြို့တော်များအသီးသီး ရှိခဲ့ရာ၊ ရတနာပုံခေတ် မန္တလေး
နေပြည်တော်ဆိုတာ ထီးဘွဲ့နန်းဘွဲ့မြို့ဘွဲ့ အများဆုံးရှိခဲ့တဲ့ အထင်ကရမြို့တော်ဖြစ်တယ်။ ပတ်ပျိုး၊
ကြိုး၊ ယိုးဒယားများအပြင်၊ ရတု၊ ရကန်၊ အဲအန်၊ လူးတား၊တေးထပ်၊ လွမ်းချင်း၊ ဗုံကြီးသံ၊ စည်တော်သံစသဖြင့် ရှုထောင့်မျိုးစုံမှ ဖွဲ့နွဲ့ရေးသားတဲ့ မန္တလေးမြို့ဘွဲ့တွေ အများအပြား ရှိခဲ့တယ်။ ဒါကြောင့် မန္တလေးအနှစ် ၁၅ဝ ပြည့်ချိန်မှာ ဒီကျေးဇူး၊ ဒီဂုဏ်ပုဒ်ကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ မန္တလေး အနှစ်၁၅၀ပြည့် အနုပညာပုံရိပ်ပွဲတော်က ဂီတအစီအစဉ်မှာ မဟာဂီတလာ မန္တလေးမြို့ဘွဲ့ သီချင်းကြီး သီချင်းခံများက ကောင်းနိုးရာရာ အပိုဒ်တွေကို စုစည်းပြီး ‘ပဒေသာ’အဖြစ် မြို့မက သြခက်စတြာအသွင် တီးမှုတ်ခဲ့ပါတယ်။ ရွှေမန္တလေး ဂီတအလင်္ကာတေးပဒေသာလို့ အမည်ပေးခဲ့ပါတယ်။ စောင်း၊ ပတ္တလား၊ မြန်မာပတ်ဝိုင်းတို့နှင့်အတူ မြို့မတူရိယာအဖွဲ့ကြီးက လေမှုတ်တူရိယာများ အစုံအလင်သာမက တယောအဖွဲ့က အင်ပြည့်အားပြည့် တီးမှုတ်ထားတဲ့ အစီအစဉ်ပါ။ ဒီအစီအစဉ်ကို ထိုစဉ်က မြို့မအသင်း ဥက္ကဋ္ဌ ဂီတမှူးကြီး ဦးရွှန်းမြိုင် (မြို့မ) က စိတ်ကူး စီစဉ် ဦးဆောင် ပုံဖော်ကာ ဂီတမှူး ဦးရဲထွေး (မြို့မ)နဲ့အတူ ဝိုင်းကို ပါဝင် တိုက်ပေးခဲ့ပါတယ်။ ဒီအစီအစဉ်ကလည်း ရှေးက ပညာခန်းဖြစ်တဲ့ ပဒေသာ သီချင်းတွေကို အနောက်တိုင်း တူရိယာတွေနဲ့အတူ ဝိုင်းဖွဲ့ပုံစံ တီးမှုတ်မှု ဂီတပညာရေးတစ်ခု ပြသခဲ့ခြင်း ဖြစ်ပါတယ်။
××××× ×××××

၂၀၀၉ ခုနှစ်မှာ မောင်နှမရင်းချာလို ရင်းနှီးတဲ့ အစ်မဒေါ်ခင်စောဦး(အိုရီယမ်တယ်လ်ဟောက်စ်)က ဒေါ်သြဘာသောင်းရဲ့ ကဗျာလွတ်အကတွေကို အခြေခံပြီး ကျွန်တော့် အစ်မ ခင်ဝင်းနွယ်နဲ့ အကမှတ်တမ်း ဗီစီဒီ တစ်ခွေ ရိုက်ကူးဖို့ ကျွန်တော်နဲ့ပြောဖြစ်ကြပါတယ်။ ဒီလိုပြောဖြစ်ကြတော့ မမခင်ဝင်းနွယ် ဦးဆောင်ပြီး ယိမ်းအဖွဲ့နဲ့အတူ မြို့မတူရိယာနဲ့ ရွာစားစိန်တင့်လွင်တို့ပါဝင်ဖို့ စီစဉ်ကြပါတယ်။ ဒီအစီအစဉ်ကို “ဗုံလေးလုံးသံစဉ် ဂန္ထဝင် အကပဒေသာ” လို့ အမည်ပေးပြီး ထိုစဉ်က ဒေါ်ခင်စောဦး တာဝန်ယူ ဖွင့်လှစ်ထားတဲ့ အိုရီယမ်တယ်လ်ဟောက်စ် မင်္ဂလာခန်းမမှာ ရိုက်ကူးကြတာပါ။ ဒီအစီအစဉ်မှာ ကဗျာလွတ် ပဉ္စမအဆင့်ကို သရုပ်ပြမယ့် ရှေးရိုးတပင်တိုင်အက ပါတယ်။ ဒီအက အတွက် တီးလုံးကို ရှေးသမားစဉ်အတိုင်း မူမှန် အပြည့်အစုံနဲ့ ဖျင်းချင်အပိုဒ်မှာလည်း ပဒေသာတွေ သံချပ်တွေနဲ့ ရှေးက စိန်ဗေဒါကြီး တီးခဲ့သလိုဖြစ်စေဖို့အတွက် မြို့မဂီတမှူးကြီးဖြစ်တဲ့ ဦးရွှန်းမြိုင်က လက်ရှိ မြို့မ တီးမှုတ်နေတဲ့ ယိုးဒယားလို့ခေါ်တဲ့ ရှေးရိုးတပင်တိုင်တီးလုံးကို ဂီတမှူး ဦးရဲထွေးနဲ့အတူ ပြန်လည် စီစစ်တယ်။ ဒီနောက် ဆရာဦးရွှန်းမြိုင်က လိုအပ်နေတဲ့ တီးလုံးတွေအတွက် ရှာဖွေတဲ့အခါ မန္တလေး ပန်တျာကျောင်းရဲ့ ဂီတသင်္ကေတ ဆရာလည်းဖြစ်၊ စန္ဒရားဆရာလည်းဖြစ်တဲ့ ဦးကျော်ဒင်လက်ရေးနဲ့ ဂီတသင်္ကေတ နုတ်စ် အပြည့်အစုံ တစ်စုံကို ရရှိလိုက်ပါတယ်။ ဒီသင်္ကေတစာရွက်များရဲ့အောက်ခြေမှာ “ရွာစားကြီး စိန်ဗေဒါ၏မူ ယိုးဒယား ကန်တော့ခန်း တီးလုံး အစအဆုံး အပြည့်အစုံ၊ မာစတာ မြို့မငြိမ်း စီစစ်ပြီး၊ကျော်ဒင်” ဆိုတဲ့ မှတ်ချက်လည်းပါတယ်။ ဒါကြောင့် ဒီ နုတ်စ်နဲ့အတူ စိန်တင့်လွင်နဲ့ ညှိနှိုင်း ပူးပေါင်းပြီး လေမှုတ်တူရိယာ၊ တယော၊ မြန်မာဆိုင်းဝိုင်းတို့နဲ့ ယိုးဒယားကန်တော့ခန်း ခေါ် ရှေးရိုးတပင်တိုင် တီးလုံး မူမှန် အပြည့်အစုံကို ဆရာဦးရွှန်းမြိုင် ကြီးကြပ်ပြီး ဦးရဲထွေး၊ စိန်တင့်လွင်တို့နဲ့ ဖော်ထုတ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

တကယ်တော့ မြို့မ ဆိုတာ စတင် တည်ထောင်ကတည်းက အမြော်အမြင်ရှိတဲ့ ပညာရှင်ကြီးတွေက အုပ်ချုပ်ရေးပိုင်းနှင့်အတူ ပညာရေးပိုင်းပါ ဆတူ တိုးတက်စေဖို့ စည်းမျဉ်းစည်းကမ်း ဖွဲ့စည်းပုံတွေ ချမှတ်ခဲ့တာပါ။ ဒီ ရည်ရွယ်ချက်တွေအတိုင်း ပညာရေးပိုင်းမှာ အထက်တန်းကျဖို့ အသင်းတည်ထောင်ရာမှာ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့သား ဦးရွှန်းမြိုင်က မျက်ခြည်မပြတ် အားစိုက်ကြိုးပမ်းခဲ့သူ ဂီတပညာရှင် တစ်ဦး ဖြစ်ပါတယ်။ မြို့မဆိုတာ သီချင်းတွေ စပ် သီချင်းတွေ ဆို သီချင်းတွေ တီးပြီး အလှူမင်္ဂလာဆောင်တွေမှာ ဧည့်ခံတဲ့ သာမာန်တီးဝိုင်း မဖြစ်စေဘဲ ဂီတပညာရေးမှာ ကမ္ဘာနဲ့ရင်ဘောင်တန်းကာ ကမ္ဘာကြည့် အကြည့်ခံနိုင်တဲ့ သံစုံတီးဝိုင်းကြီးအဖြစ် မြှင့်တင်ဖို့ ကြိုးပမ်းနေတဲ့သူ တစ်ဦးပါ။ အခုလည်း
ဦးရွှန်းမြိုင်ဟာ သဘောထား မတူညီမှုကြောင့် အသင်းက အထုတ်ပယ် ခံရပေမယ့် ဂီတပညာရေး အတွက် မဟာဂီတအပါအဝင် ဂီတစာအုပ်တွေ ထုတ်ဝေခဲ့ပြုစုခဲ့ ပြုစုဆဲပါပဲ။

လောလောဆယ် မြို့မငြိမ်းရဲ့ သီချင်းအပုဒ်ပေါင်း ၂၀၀ကျော်ကို စာသား စီစစ် အတည်ပြုခြင်းနှင့်အတူ မူရင်းသံစဉ်များ ဂီတနုတ်စ် ရေးသား မှတ်တမ်းတင်တာ၊ ဝိုင်းဖွဲ့တီးမှုတ်ဖို့ တီးလုံးသံစဉ်များကို ပြုစုတာ စတဲ့ ဂီတပညာရေးအလုပ်တွေ ဆောင်ရွက်လို့ လက်စသတ်လုဆဲ ၂၀၂၂ခု ဒီဇင်ဘာလ ၁၈ရက် နံနက် ၄နာရီ မိနစ်၂၀မှာ ကွယ်လွန်ခဲ့ပါပြီ။

တကယ်တော့ ဆရာဦးရွှန်းမြိုင်(မြို့မ)ဟာ ကမ္ဘာကြည့် အကြည့်ခံနိုင်မယ့် ဂီတပညာရေးအတွက် မဏ္ဍိုင်ကြီး တစ်ခုဆိုရင် မမှားပါဘူး။ အခု အဲ့ဒီမဏ္ဍိုင်ကြီး ပြိုလဲသွားပါပြီ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW