ဇန်နဝါရီ ၊ ၃ -၂၀၂၃
SP ( VOM)
ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု၊ ကျောက်ခဲကြီးကျေးရွာ၊ ပဲခူးရပ်ကွက်မှာရှိတဲ့ နာရေးအိမ်မှာ မနေ့ ဇန်နဝါရီ ၂ ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၄ ဦး သေဆုံးကာ ၊ ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
” မနေ့ကည ၉ နာရီဝန်းကျင်မှာ ဒေါ်မြနှစ် နာရေးအိမ် ဖဲဝိုင်းမှာ ဖြစ်တာပါ ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့ရောက်လာပြီး ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် လူ ၄ ဦး နေရာမှာတင်သေဆုံးပြီး ကလေးငယ် တယောက်အပါအဝင် ၁၆ ယောက်ကျည်ဆံထိမှန် ဒဏ်ရာရတယ် “လို့ ပရဟိတသမား တယောက်က ပြောပါတယ်။
အဲ့ဒီ သေဆုံး ၊ ဒဏ်ရာရတဲ့သူတွေကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ဒဏ်ရာရ လူနာ ၁၆ ဦးအနက် ၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတွင်းလူနာ ၈ ဦးကို ဒီကနေ့ မနက်ပိုင်းက တောင်ငူ ပြည်သူ့ဆေးရုံနဲ့ ရန်ကုန် ပြည်သူ့ဆေးရုံဆီ ထပ်မံပို့ဆောင်ပေးခဲ့ပြီး ကျန်လူနာ ၈ ယောက်ကတော့ ကျောက်ကြီးဆေးရုံမှာ ဆေးကုသခံနေယူနေဆဲဖြစ်တယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။
အဲ့ဒီ နာရေးအိမ် ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာ အခုထိတော့ မသိရသေးပါဘူး။
ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကျောက်ကြီးမြို့နယ် လုံခြုံရေးအဖွဲ့ဆီ ဆက်သွယ်ခဲ့ပေမယ့် အခုထိ ဆက်သွယ်လို့ မရသေးပါဘူး ။
#voiceofmyanmar #VOM #ပဲခူး #နာရေးအိမ်ပစ်ခတ်မှု