ဇန်နဝါရီ၊၃-၂၀၂၂
MM(VOM)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက် ၃ လမ်းမှာ ဒီကနေ့ ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းက နှစ်ထပ်အိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၂ ယောက် မီးလောင်သေဆုံးသွားတယ်လို့ သိရပါတယ်။
”ဒီနေ့မနက် ၁ နာရီလောက်မှာ မီးကစတင်လောင်တာ ၊ မီးလောင်တဲ့ အိမ်က နှစ်ထပ်အိမ် ၊ အပေါ်ထပ်က ရှောခ့်ဖြစ်လောင်တာ ၊ မီးလောင်နေတဲ့အချိန် အပေါ်ထပ် မှာရှိတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ ယောက် သေဆုံးသွားတာ၊ အိမ်က ၂ ထပ်ဆိုတော့ မီးလောင်တဲ့အချိန် ဆင်းရတာ မလွယ်တော့ မီးလောင်သေဆုံးခဲ့ရတာလို့ ယူဆတယ်။”လို့ မီးငြှိမ်းသတ်ရာမှာပါဝင်တဲ့ တာဝန်ရှိသူ တယောက်ကပြောပါတယ် ။
ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်က”မီးက မနက် ၁ နာရီလောက်က စလောင်တာ ၊ ၂ နာရီခွဲလောက်မှာမီး ထိန်းနိုင်တယ် ၊ မနက် ၅ နာရီလောက်မှာ လုံးဝမီးငြှိမ်းနိုင်တယ် ၊ အခြားအိမ်တွေ မီးကူးစက်လောင်ကျွမ်းတာ မရှိပါဘူး ၊ မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို သုခကာရီ လူမှုကူညီရေးကားနဲ့ စစ်ကိုင်းဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ် ၊ ရုပ်အလောင်းတွေက တော်တော်တောင်ပျက်နေပြီ။”လို့ ပြောပါတယ်။
အခု မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နေအိမ်မှာ မိသားစုဝင် ၅ ယောက် နေထိုင်တာဖြစ်ပြီး အခြားသူတွေမှာ ထိခိုက်ဒဏ်ရာရရှိတာမရှိပဲ နှစ်ထပ်နေအိမ်ကတော့ အိမ်တလုံးနီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့ နေအိမ်ကို စစ်ကိုင်းခရိုင် မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နယ်မြေမီး သတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့တွေ၊ ဒေသခံတွေကပူးပေါင်းကာ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီ့ မီးလောင်မှုနဲ့ ပတ်သက်လို့ စစ်ကိုင်းမြို့ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ စစ်ဆေးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက မြင်းဆည်ရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကလည်း မီးလောင်မှုတွေဖြစ်လို့ အိမ်ခြေ ၇၀ ကျော်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး အသက်ရွယ်ကြီးတဲ့ အဖိုး အဖွား ၃ ယောက် မီးလောင်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
Photos: Credit- Win Kyaw Kyaw
#voiceofmyanmar #VOM #စစ်ကိုင်း #မီးလောင်မှု