နွားထိုးကြီးမှာ လက်ကို ကြိုးတုတ်ခံရပြီး အသတ်ခံထားရတဲ့ အလောင်း ၃လောင်းတွေ့

ဇန်နဝါရီ ၄ – ၂၀၂၃
VOM (GG)

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ၊ ဂွေးပင်တောလမ်းခွဲမှာ ဒီနေ့ဇန်နဝါရီလ ၄ ရက် မနက်ပိုင်းက ဒဏ်ရာတွေနဲ့ စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့ရှိခဲ့ရာ အဲ့ဒီအထဲမှာ တယောက်က အသက်ရှင်နေသေးတာကြောင့် နွားထိုးကြီးပြည်သူ့ဆေးရုံကိုပို့ဆောင်ကာ ဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။

” မနက် အစောပိုင်းမှာ တွေ့တာပေါ့။ တယောက်ကအသက်ရှင်နေသေးတော့ ဆေးရုံပို့တယ်၊ သူကနဖူးမှာသေနတ်ဒဏ်ရာတွေ့တယ်။ နောက်၂ယောက်ကတော့ သေနတ်ဒဏ်ရာရော ဓားဒဏ်ရာတွေရောတွေ့ရတယ်။လက်ကိုကြိုးတုပ်ထားတယ်။ မင်းရွာဒေသခံတွေ ဟုတ်ပါတယ် ၊ နွားထိုးကြီးမြို့နဲ့ ဂွေးပင်တောရွာက နီးတယ်။နွားထိုးကြီးဆိုင်းဘုတ် အကျော်လေးပေါ့”လို့ မျက်မြင် ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီ ၃ ယောက်လုံးဟာ နွားထိုးကြီးမြို့နယ် မင်းရွာက ဦးငြိမ်း အသက် ၄၅နှစ်၊ ကိုသောင်းတန် အသက် ၂၇နှစ် နဲ့ ကိုဇော်ထွေး အသက်၂၅နှစ် တို့ဖြစ်ပြီး သူတို့ဟာ မနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

” ဦးငြိမ်းကို မနေ့က နေ့လယ်ပိုင်းမှာ ဖမ်းတယ် ၊ညပိုင်းမှာ ကျန်၂ယောက်ကို ဘုန်းကြီးကျောင်းမှာဖမ်းသွားတာလို့ သိရတယ်။ ဒီနေ့ မနက်ရောက်တော့ ဂွေးပင်လမ်းဆုံမှာ ကြိုးတုပ်ထားတဲ့ အမျိုးသားအလောင်းတွေ့လို့ဆိုပြီး စစ်ဆေးကြတော့ အဲ့ဒီ ၃ ယောက်ဖြစ်နေတာလို့သိရတယ်”လို့ နွားထိုးကြီးဒေသခံ နောက်ထပ်တဦးကပြောပါတယ်။

အသက်ရှင်နေသေးလို့ ဆေးကုသမှုခံယူနေသူက ကိုဇော်ထွေးဆိုသူဖြစ်ပြီး သူ့ရဲ့နဖူးမှာ သေနတ်မှန်ဒဏ်ရာ တွေ့ရှိရကြောင်း၊ လက်ရှိအချိန်ထိဆေးကုသမှုပေးနေပေမယ့် စိုးရိမ်ရတဲ့အခြေအနေမှာပဲရှိနေသေးတယ်လို့ ပြောပါတယ်။

ကျန်တဲ့ ရုပ်အလောင်း၂လောင်းကိုတော့ ဒီနေ့မှာပဲ ချက်ခြင်း နွားထိုးကြီးသုသာန်မှာ သဂြိုလ်လိုက်တယ်လို့သိရပါတယ်။

လက်ရှိ နွားထိုးကြီးမြို့နယ် ၊တောင်သာ လမ်းတလျှောက်နဲ့ ကျေးရွာတွေမှာ ဖြစ်နေတဲ့ အခြေအနေအနေတွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်တွေ၊ကြောက်ရွံ့မှုတွေနဲ့နေထိုင်ရှင်သန်နေရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #နွားထိုးကြီး

Related posts

Leave a Comment

VOM News

FREE
VIEW