ဇန်နဝါရီ ၆-၂၀၂၃
MM(VOM)
ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အတွင်း ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးမှာ ယာဉ်တိုက်မှု ၁၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံး ၅၇ ယောက်အထိရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်အတွင်း ယာဉ်တိုက်မှု ၁၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၅၇ ယောက်သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိတဲ့သူ အယောက် ၂၈၀ အထိရှိခဲ့ကာ ယာဉ်တိုက်မှု ၁၆၉ ကြိမ်အတွက် အမှုဖွင့် အရေးယူထားသူ ၁၅၉ ယောက်ရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်။
”မိသားစုလိုက်လာတဲ့ယာဉ်တွေ တိုက်မှုဖြစ်တာလည်းရှိတယ် ၊ ခရီးသည်ယာဉ်တွေ တိုက်မိမှုဖြစ်တာလည်းရှိခဲ့တယ် ၊ (၁)လချင်း ပျှမ်းမှု ယာဉ်တိုက်မှုအနေနဲ့က ၁၄ ကြိမ်လောက်အထိရှိခဲ့ပါတယ် ၊ယာဉ်မောင်းတွေပေါ့ဆမှုကြောင့် တိုက်မှုဖြစ်ခဲ့တာတွေများတယ် ၊ ၁ လချင်း ပျှမ်းမျှလူသေဆုံးမှုအနေနဲ့က ၄ ယောက်အထိရှိခဲ့တယ်၊ အရေးယူခံရသူ ၁၉ ယောက်ရှိခဲ့တယ်။”လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီ ယာဉ်တိုက်မှု ၁၆၉ ကြိမ်မှာ သေဆုံးသူ အမျိုးသား ၅၁ ယောက် ၊ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၅၇ ယောက်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တွေမှာ အမျိုးသား ၁၇၅ ယောက်၊ အမျိုးသမီး ၁၀၅ ယောက်၊ စုစုပေါင်း အယောက် ၂၈၀ အထိရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် တနှစ်အတွင်းက ယာဉ်တိုက်မှု စုစုပေါင်း ၄၁၂ ကြိမ်ဖြစ်ပွားခဲ့ကာ သေဆုံး သူ ၈၄ ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ ၄၄၆ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် ၊ တနှစ်အတွင်းက ယာဉ်တိုက်မှု စုစုပေါင်း ၂၄၀ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၄ ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၉၄ ယောက်အထိရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #အမြန်လမ်း #၂၀၂၂ယာဥ်တိုက်မှု