မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ သိန်း ၄၀၀နီးပါး ဓားပြတိုက်ခံရပြီး ဒုရဲမှူး ၁ ဦးသေဆုံး

ဖေဖော်ဝါရီ ၊ ၂၆ -၂၀၂၃
SP + Voice Of Myanmar(VOM)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်၊ ၄၄ လမ်းနဲ့ ၁၃၆ လမ်း၊ ညောင်ပင်ကုန်းရွာမှာ မနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက မြေပွဲစားတဦးရဲ့နေအိမ်မှာ သိန်း ၄၀၀နီးပါး ဓားပြတိုက်ခံရပြီး ဓားပြတိုက်နေချိန် နေအိမ်မှာ အလည်ရောက်နေတဲ့ ဒုရဲမှူး တဦး ပစ်သတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းကနေ သိရပါတယ်။

“ဖြစ်စဥ်က မနေ့ကည ၇ နာရီ ဝန်းကျင်မှာ ဖြစ်တာပါ ၊ မြစ်ငယ် မီးရထားတပ်ဖွဲ့က ရထားရဲ ဒုရဲမှူး ဝင်းမင်းသန်း ဆိုသူက သူ့မိန်းမရဲ့ အစ်မ နေအိမ်ကို လှည့်ကင်းသွားရင်း အလည်ရောက်နေတယ် ၊ အဲ့ဒီ အချိန်မှာ လူ ၈ ယောက်လောက်ပါဝင်တဲ့ ဓားပြအဖွဲ့က အဲ့ဒီ အိမ်ကို ဓားပြဝင်တိုက်တယ် ၊ ဓားပြအဖွဲ့က အိမ်ထဲမှာ ပစ္စည်းပစ္စယတွေ မွှေနှောက်ရှာဖွေတဲ့အခါ ၊ အလည်ရောက်နေတဲ့ ဒုရဲမှူး ဝင်းမင်းသန်းရဲ့ ဆက်သွယ်ရေး စကားပြောစက်က အသံထမြည်တယ် ၊ အဲ့ဒီအခါ ဓားပြတွေက ဒုရဲမှူး ဝင်းမင်းသန်းရဲ့ ဦးခေါင်းကို သေနတ်နဲ့ ၂ ချက် ပစ်သတ်သွားတယ်”လို့ အဲ့ဒီ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒုရဲမှူးရဲ့အိတ်အတွင်းက Webly ခြောက်လုံးပြူး သေနတ် ၁ လက် ၊ ကျည်ဆံ ၁၈ တောင့် ၊ စကားပြောစက် ၁ လုံးကို ဓားပြတိုက်သူတွေက ယူသွားတဲ့အပြင် အိမ်ရှင်ဖြစ်သူဆီက ပိုက်ဆံ သိန်း ၃၀၀ ၊ လက်ကောက် ၂ကွင်း ၅မူးသား၊မောင်းကွင်းလက်စွပ် ၁ကွင်း ၁မတ်သား၊ဆွဲကြိုး ၁ကုံး ၁ကျပ်ခွဲသား၊ဆွဲသီး ၁မတ်သား စုစုပေါင်း တန်ဖိုး သိန်း၄၀၀နီးပါး ယူဆောင်သွားတယ်လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

သေဆုံးသွားတဲ့ ဒုရဲမှူးရဲ့အလောင်းကို မနေ့က ညတွင်းချင်း မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက လုယက် ဓားပြမှုဖြစ်စဥ်ပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲ့ဒီအထဲက အမှုတချို့သာ အမှုမှန် ဖော်ထုတ်အရေးယူနိုင်ပြီး ကျန်အမှုတွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဓားပြမှု #ဒုရဲမှူးတဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW