FATF ရဲ့ အမည်မည်းစာရင်းမှာ မြနိမာနိုင်ငံ ဆက်ရှိနေသေးသလား

ဖေဖော်ဝါရီ ၂၆ – ၂၀၂၃
SN (VOM)

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF)က ချမှတ်ထားတဲ့ Action Plan တွေ ဆောင်ရွက်တဲ့နေရာမှာ ငွေလွှဲလုပ်ငန်းနဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်ချက် တိုးမြှင့်ရရှိခဲ့တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောဆိုထားပေမယ့် FATF ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ အမည်မည်းစာရင်း (Black List)မှာတော့ မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ပါဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူသမ္မတ T Raja Kumar လက်ထက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပတဲ့ FATF ရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံကို အမည်မည်းစာရင်းမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့နဲ့အတူ အမည်မည်းစာရင်းမှာ ဆက်လက် ပါဝင်နေဦးမှာဖြစ်ပြီး အကြံပြုထားတဲ့ လုပ်ဆောင်ချက် အစီအစဉ်တွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ FATF က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဓိကလုပ်ငန်းတွေမှာ ငွေကြေးခဝါချမှုအန္တရာယ် မြင့်တက်နေမှုတွေကို လက်ရှိထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပြပြီး ချို့ယွင်းချက်တွေကို ဖြေရှင်းဆောင်ရွက် အကောင်ထည်ဖော်သင့်ကာ ဟွန်ဒီငွေကြေး ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကိုလည်း မှတ်ပုံတင် အမည်စာရင်းသွင်းခိုင်းပြီး ကြီးကြပ် ဆောင်ရွက်သင့်တယ်လို့ FATF က အကြံပြုတိုက်တွန်းထားပါတယ်။

“လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ချို့ယွင်းချက်တွေကို အပြည့်အဝ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ကိုက်ညီအောင် အပြည့်အဝ အကောင်ထည်ဖော်နိုင်ခြင်း မရှိသေးရင်တော့ “Black List” နိုင်ငံတွေရဲ့ စာရင်းမှာ ဆက်လက် ပါဝင်နေဦးမှာပဲ ဖြစ်ပါတယ်”လို့ စင်ကာပူသမ္မတက FATF အစည်းအဝေးမှာ ပြောကြားထားပါတယ်။

အမည်းရောင်နဲ့ မီးခိုးရောင်အဆင့် စာရင်းမှာ ရှိနေတဲ့ နိုင်ငံတွေအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့က ငွေကြေးအကူအညီ ပေးအပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အခုလို Black List စာရင်း သွင်းခံထားရတဲ့ နိုင်ငံတွေအနေနဲ့ နိုင်ငံတကာစီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေအပြင် အရေးယူပိတ်ဆို့မှု အများအပြားကိုလည်း ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကတော့ FATF က ချမှတ်ထားတဲ့ Action Plan တွေထဲက ငွေလွှဲလုပ်ငန်းနဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်ချက် တိုးမြှင့်ရရှိခဲ့တယ်လို့ ပြောကြားထားပါတယ်။

ဗဟိုဘဏ်ရဲ့ဦးဆောင်မှုနဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit FIU) နဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့တဲ့ “ဆုံးရှုံးနိုင်ခြေ မြင့်မားသည့် မှုခင်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များ ဖော်ထုတ်ခြင်း“ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ပြောကြားထားပေမယ့်လည်း လက်ရှိ မြန်မာနိုင်ငံအနေနဲ့ကတော့ FATF ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ပြန်ချက်မှာ အမည်မည်းစာရင်းထဲ ဆက်လက် ပါဝင်နေဆဲဖြစ်ပြီး မီးခိုးရောင်အဆင့် (Gray List) စာရင်းမှာ ပါဝင်ခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ မော်ရိုကိုနိုင်ငံတို့ကတော့ အဲ့ဒီစာရင်းကနေ ပယ်ဖျက်ခံခဲ့ရတယ်လို့ သိရပါတယ်။

‘Grey List’ စာရင်းမှာ ယူအေအီး၊ တူရကီ၊ ဂျော်ဒန်၊ တောင်အာဖရိကနဲ့ အခြားနိုင်ငံပေါင်း ၂၀ တို့လည်း ဆက်လက် ပါဝင်နေဆဲဖြစ်ပြီး ဆက်လက် စောင့်ကြည့်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #FATA #အမည်မည်းစာရင်း #မြန်မာဆက်ရှိနေသေးသလား

Related posts

Leave a Comment

VOM News

FREE
VIEW