ရန်ကုန် – ဧရာဝတီတိုင်း ကုန်တင်ကား ငှားရမ်းခဈေး နှစ်ဆကျော်မြင့်တက်နေလို့ ကုန်သည်တွေ အခက်တွေ့

မတ်၊၃-၂၀၂၃
MM (VOM )

ရန်ကုန်နဲ့ ဧရာဝတီတိုင်း ကုန်တင်ကား ငှားရမ်းခတွေ အရင်ထက်(၂)ဆကျော်မြင့်တက်လာလို့ ကုန်သည်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။

အရင်က ရန်ကုန်-ဧရာဝတီတိုင်း လမ်းကြောင်းမှာ တန် (၃၀)ဆံ့ ကုန်တင်ကား(၁)စီးကို ငှားရမ်းခငွေကျပ်(၄)သိန်း ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိမှာတော့ ငွေကျပ်(၁၃)သိန်း ကျော်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

”အခုက ကုန်ပစ္စည်း ဝယ်ဖို့ထက် ကုန်တင်ကားငှားရမ်းခဖိုးက အရင်ရှာနေရတယ်၊ အရင်က ဒါမျိုးတခါမှမကြုံဖူးပါဘူး ၊ ကုန်ဈေးနှုန်းတွေ ထိုးတက်နေလို့ အရောင်းအဝယ် လုပ်ရတာ အဆင်မပြေဘူး ၊ အခုကားခပါတက်လာတော့ ဒုက္ခအပိုရသလိုဖြစ်သွားတယ် ၊ဒီတခေါက်တော့ ကိုယ့်ရှိတဲ့ပိုက်ဆံ ရှိသလောက်နဲ့ဝယ်မယ်ဆိုပြီး ဝယ်လာရင် နောက်တခေါက် ကုန်ပြတ်လို့ သွားဝယ်ရင် ကားခက သိန်း(၂၀)ကျော်သွားပြီး ၊ အရင်က ၄ သိန်းကျော် ကျော်လောက်ပဲဈေးကရှိတာ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်က စတက်လာတာ၊ ဒီအတိုင်းဆို မလွယ်ဘူး ၊ ကိုယ့်လုပ်စာကိုယ်မစားရဘူးဆိုတာ ဒါကိုပြောတာဖြစ်မယ်။”လို့ ဧရာဝတီတိုင်းမှ ကုန်သည်တယောက်ကပြောပါတယ်။

ကုန်တင်ကား ငှားရမ်းခဈေးမြင့်တက်တဲ့ အခြေအနေ နဲ့ ပတ်သက်လို့ ကုန်တင်ကားအငှားလိုက်သူတယောက်က”အခုလို ကုန်တင်ကား ငှားရမ်းခတွေမြင့်တက်လာတာက အခြားမဟုတ်ဖူး စစ်ဆေးရေးဂိတ်တွေမှာကြာမြင့်မှုတွေ ၊ ဂိတ်ကြေးပေးဆောင်ရတာတွေ ၊ မတည်ငြိမ်တဲ့စက်သုံးဆီဈေးကြောင့်ပါ ၊ အလုပ်လုပ်ရတာက တရက်လေးမှ အဆင်မပြေပါဘူး ၊ ကျွန်တော်တို့မှာ ပြောပြလို့ရတဲ့ အခက်အခဲတွေရော ၊ ပြောပြလို့မရတဲ့ အခက်အခဲတွေရော မနည်းရှိနေတယ် ၊ အရင်က ဧရာဝတီတိုင်းကနေ ရန်ကုန်ကို အနည်းဆုံး ၃ ခေါက်လောက်သွားလို့ရတယ်၊အခုတော့ ၁ ခေါက်တောင်မနည်း အခုလို ဈေးတက်လာတဲ့ အသံတွေ ထွက်နေပေမယ့် ကျွန်တော်တို့အတွက်အကျိုး အမြတ်မရှိဘူး။”လို့ ကုန်တင်အငှားလိုက်သူတယောက်ကပြောပါတယ်။

အခုလို ကုန်တင်ကားငှားရမ်းခဈေးတွေ အရင်ထက်(၂)ဆကျော်ကျော် မြင့်တက်လာတဲ့အပြင် အရင်က ရန်ကုန် – ဧရာဝတီတိုင်း တရက်ကို အသွားအပြန် အနည်းဆုံး (၃) ခေါက်လောက် ကုန်စည်ပို့ဆောင်သယ်ယူလို့သိရပြီး လမ်းကြောင်းမှာ လုံခြုံစစ်ဆေးရေးအတွက်ဆိုကာ အချိန်ကြာကြာရပ်တန့် စစ်ဆေးခံရတာတွေကြောင့် တရက် (၁) ခေါက်သာ သယ်ယူလို့ရတော့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင်က ရန်ကုန်- ဧရာဝတီတိုင်း ကုန်တင်ကားတွေဟာ ညဘက်တွေပါ မောင်းနင်တာတွေရှိခဲ့ပေမယ့် နိုင်ငံရေး အပြောင်းအလဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ်က စတင်လို့ လုံခြုံရေးနဲ့ တခြားအခက်အခဲအမျိုးမျိုးကြောင့် ညဘက် အငှားမလိုက်ရဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ကုန်တင်ကားငှားရမ်းစျေးမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW