ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာအလုပ်သမားအချင်းချင်း ဓါးထိုးမှု အမျိုးသမီးတဦးသေဆုံး

ဘန်ကောက်၊ မတ်-၁၀-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပတူနမ်ရပ်ကွက်မှာ မတ် ၉ ရက် နေ့လယ်ပိုင်းက မြန်မာအလုပ်သမားအချင်းချင်း ဓါးထိုးမှုကြောင့် မြန်မာအလုပ်သမား အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် မဖြူမာအောင်ဟာ ရတ်သီဝီခရိုင်မှာရှိတဲ့ စျေး၀ယ်ကုန်တိုက်ရဲ့အပြင်ဘက်မှာ ဓါးနဲ့အထိုးခံခဲ့ရတာဖြစ်ပြီး ကျူးလွန်သူ သက်လင်းဦးဆိုသူကို ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အဲဒီလိုဓါးထိုးခံရပြီးနောက် မဖြူမာအောင်ကို ပရာမောင့်ကွတ်လာအို ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ထိုင်းရဲတွေကပြောပါတယ်။

သူတို့နှစ်ဦးကို ဒေသခံသစ်သီးရောင်းချသူတဦးက အလုပ်ခန့်ထားတာဖြစ်ပြီး ကျူးလွန်သူဟာ အလုပ်မှာပျင်းရိပြီး ဖုန်းသုံးဖို့သာ စွဲလန်းကြောင်း အလုပ်ရှင်ကို တိုင်ကြားမှုအပေါ် မကျေနပ်တာကြောင့် ဓါးနဲ့ထိုးခဲ့တာလို့ တရားခံက ၀န်ခံထွက်ဆိုထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူကို လူသတ်မှုနဲ့စွဲချက်တင်ထားပြီး အရေးယူမှုတွေအတွက် တာ၀န်ရှိသူတွေက ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW