ဒါရိုက်တာခင်မောင်ဦး (သရုပ်ဆောင် မောင်မဲ) ကွယ်လွန်

မတ် ၁၀ – ၂၀၂၃
SN (VOM)

ဒါရိုက်တာခင်မောင်ဦး (သရုပ်ဆောင်မောင်မဲ)ဟာ ဒီကနေ့ မတ် ၁၀ ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

“အစ်မ သိသိချင်းတော့ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်။ အစ်မတောင် လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ဆရာ့ကိုသွားတွေ့ပြီး အလှူငွေ ၁၀ သိန်း လှူခဲ့သေးတယ်။ ဆရာကတောင် မျက်ရည်တွေဝဲနေသေးတယ်။ ဆရာက အစကတည်းက လေဖြတ်နေတာပါ“လို့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း (မမဆောင်း) က ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ” ဒါရိုက်တာခင်မောင်ဦး ခေါ်သရုပ်ဆောင်မောင်မဲ ဒီနေ့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ကိုမဲကောင်းမွန်မြင့်မြတ်ရာ ဘုံဘဝရောက်ရှိပါစေ“လို့ ရေးသားထားပါသေးတယ်။

ဒါရိုက်တာခင်မောင်ဦး (သရုပ်ဆောင်မောင်မဲ)ဟာ တချိန်က မြန်မာ့ရုပ်ရှင်လောကမှာ သရုပ်ဆောင် ဆိုးပေ၊ မောင်မဲဆိုပြီး ရုပ်ရှင်ဇာတ်ကားတွေမှာ အတွဲလိုက် ပါဝင်သရုပ်ဆောင်ခဲ့ရာ လူသိထင်ရှား အောင်မြင်ကျော်ကြားခဲ့သလို နောက်ပိုင်းမှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ် ဆိုပြီးလည်း ရုပ်ရှင်ဇာတ်ကားများစွာကို အတွဲလိုက် ရိုက်ကူးပုံဖော်ဖန်တီးခဲ့ရာမှာလည်း အောင်မြင်ထင်ရှားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါရိုက်တာခင်မောင်ဦးဟာ မြန်မာ့ရုပ်ရှင်လောကမှာ ဒါရိုက်တာစိုးသိမ်းထွဋ်နဲ့ တွဲဖက်ပြီး နာမည်ကြီး လူကြိုက်များတဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို ဖန်တီးပုံဖော်ရိုက်ကူးခဲ့ရာမှာ ၁၉၉၉ ခုနှစ်မှာ “အဖေ့ခြေရာ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆု၊ ၂ဝ၁ဝ ပြည့်နှစ်မှာ “ပင်လယ်ထက်က နေဝန်းနီ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာ ထူးချွန်ဆုတွေကို ရရှိခဲ့ပါတယ်။

သူနဲ့အတူ အတွဲညီခဲ့တဲ့ ဒါရိုက်တာ ဦးစိုးသိမ်းထွဋ် (ရုပ်ရှင်သရုပ်ဆောင် ဆိုးပေ)ကတော့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒါရိုက်တာခင်မောင်ဦး #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW