အသားခြောက် ကြပ်ကင်ရာကနေ မီးလောင်မှုဖြစ်ပြီး နေအိမ်(၉)လုံး မီးထဲပါသွားတဲ့ဖြစ်စဥ် မန္တလေးမှာဖြစ်ပွားခဲ့

မတ် ၁၀-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်း ၂နာရီခွဲအချိန်ခန့်က နေအိမ်(၉)လုံး မီးလောင်မှုဖြစ်စဥ်ဖြစ်ပွါးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” အိမ်ငှားနေသူက အသားခြောက်လုပ်တာပေါ့၊ အသားခြောက် ကြပ်ကင်ရာကနေ စလောင်တာပါ၊ ကင်တဲ့အချိန် မီးဖိုထဲမှာ ဆီများသွားပြီး မီးတောက်ထွက်ရာကနေ အိမ်အမိုးကို မီးကူးစက်တယ် အဲ့ဒီက စလောင်တာပေါ့၊ မီးလောင်မှုက နာရီဝက်လောက်တော့ကြာတယ်”လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ်အဆောက်အဦ(၉)လုံး မီးလောင်ခဲ့ပြီး မီးသတ်တွက်ချက်တန်ဖိုး ကျပ် သိန်း (၁၈၀)ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

မီးလောင်မှုကို Level-1အဆင့် သက်မှတ်ကာ သန္ဓေတပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၂၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးနဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး မနက် ၃နာရီးအချိန်ခန့်မှာ မီးလုံးဝငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အသားခြောက်လုပ်ငန်းပိုင်ရှင်ဖြစ်သူ အသက်(၄၃)နှစ်အရွယ် အမျိုးသားနဲ့ အသက်(၁၈)နှစ်အရွယ် အလုပ်သမားဖြစ်သူတို့ကို နယ်မြေခံ အမှတ်(၇)ရဲစခန်းက (ပ)၂၅/၂၀၂၃၊ ပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo – Than Htay
#voiceofmyanmar #VOM #မန္တလေး #နေအိမ်(၉)လုံးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW