အမေရိကန်က ဘဏ်နှစ်ခုပြိုလဲအပြီး မြန်မာ့ရွှေဈေးကွက်

မတ် ၂၅ – ၂၀၂၃
SN (VOM)

အမေရိကန်ရှိ Silicon Valley နဲ့ Signature ဘဏ်ကြီးနှစ်ခု ပြိုလဲချိန်ကစတင်လို့ ကမ္ဘာ့ရွှေဈေး တဟုန်ထိုးမြင့်တက်မှုနဲ့အတူ မြန်မာပြည်တွင်းက ရွှေဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လျက် ရှိနေပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တအောင်စကို ၁,၈၀၀ ဒေါ်လာအောက်အထိ ကျဆင်းမှုရှိခဲ့တာပါ။ ဒါပေမယ့် ဖေဖော်ဝါရီလကုန်ပိုင်း အရောက်မှာတော့ အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ပြီး မတ်လ လဆန်းပိုင်းကစတင်လို့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ အမြင့်ပိုင်းကို ပိုမိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို မတ်လဆန်းပိုင်းကစလို့ မြင့်တက်လာခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ရက်ပေါင်း ၂၀ အတွင်း တအောင်စ ဒေါ်လာ ၁၆၀ ခန့်အထိ မြင့်တက်လာခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့က တအောင်စ ၁၈၆၇ ဒေါ်လာပေါက်ဈေးရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ မတ်လ ၂၀ ရက်မှာ ၁၉၇၅ ဒေါ်လာကို ရောက်ရှိလာခဲ့ပါတယ်။

ပြည်တွင်းရွှေဈေးကတော့ မတ်လအစောပိုင်းက တကျပ်သားကို နှစ်ဆယ့်ရှစ်သိန်းစွန်းစွန်း (၂၈၂၀၀၀၀ ကျပ်)သာ ပေါက်ဈေးရှိရာကနေ မတ်လ ၂၀ ရက်ကစလို့ ၂၉ သိန်းကျော်ကို ရောက်ရှိလာခဲ့ပါတယ်။

အခုလို ပြည်တွင်းရွှေဈေး မြင့်တက်လာတာဟာ စျေးကစားလိုသူတွေက အွန်လိုင်းမှတဆင့် ကောလဟလ ထုတ်လွှင့်နေခြင်း‌ကြောင့်ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးနဲ့ မြန်မာ့ရွှေစျေး ချိတ်ဆက်ထားမှုမရှိတဲ့အတွက် ပြည်တွင်းရွှေစျေးမြင့်တက်မှုမရှိနိုင်ဘူးလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ရွှေစျေး မြင့်တက်လာမှုကို သံယောင်လိုက်ပြီး ရွှေစျေးကစားလိုသူများက စျေးနှုန်းမြင့်တက်စေဖို့ အွန်လိုင်းမီဒီယာတွေကတဆင့် ကောလာဟလ ထုတ်လွှင့်တာ၊ လေပတ်ကားရောင်းဝယ်တာတွေ ဆောင်ရွက်နေတာကို တွေ့နေရပြီး စျေးကစားလိုသူတွေအနေနဲ့ ကမ္ဘာ့ရွှေစျေးနဲ့ မြန်မာ့ရွှေစျေးနှုန်း ချိတ်ဆက်ထားသယောင် တွက်ချက်ဖော်ပြနေတာကို တွေ့ရတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“အသင်းအနေနဲ့ ကမ္ဘာ့ရွှေစျေးနဲ့ မြန်မာ့ရွှေစျေး ချိတ်ဆက်မှုမရှိကြောင်းကို စနစ်တကျ ထောက်ပြရှင်းလင်းပေးပြီးဖြစ်ပါတယ်။ လက်တွေ့အချိန်အထိလည်း ချိတ်ဆက်ထားတာ မရှိသေးဘူး”လို့ YGEAအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

ကမ္ဘာ့ရွှေစျေး မြင့်တက်နေမှုကို အကြောင်းပြုပြီး ပြည်တွင်းရွှေစျေး မြင့်တက်လာအောင် လုယက်ဝယ်ယူခြင်းမျိုး မလုပ်ကြဖို့လည်း YGEA က တိုက်တွန်းထားပါတယ်။

“အခု အခြေအနေက အဝယ်လိုက်လို့ ဈေးတက်တာမျိုးမဟုတ်ဘူး။ ကမ္ဘာ့ရွှေဈေးတက်လို့တက်တာ။ အမေရိကန်က ဘဏ်တွေကလည်း ဒေဝါလီခံတယ်။ ဆွစ်ဇာလန်က ဘဏ်တွေကလည်း ဒေဝါလီခံတဲ့အခါ စတော့ဈေးတွေကျတော့ တကမ္ဘာလုံးက ရွှေဘက်ကို အာရုံစိုက်လို့ ကမ္ဘာ့ရွှေဈေးကတက်လာတယ်။ ဒါပေမယ့် ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းရွှေဈေးနဲ့ယှဉ်ရင် သုံးသိန်းလောက် ကွာတယ်”လို့ ဦးမျိုးမြင့်က ပြောပါတယ်။

အသင်းအနေနဲ့ ချမှတ်ထားတဲ့စည်းကမ်းတွေနဲ့အညီ အသင်းသားအားလုံးဟာလည်း အသင်းရဲ့စည်းမျဉ်းအတိုင်း အားလုံးရောင်းဝယ်နေတာ ဖြစ်တဲ့အတွက် အချိန်အခါအလိုက် ထုတ်ပြန်တဲ့ သတိပေးချက်တွေကိုလည်း လိုက်နာကြဖို့ တောင်းဆိုထားပါတယ်။

“ကမ္ဘာ့ဈေးတက်တိုင်းလည်း ဒီမှာ တက်လို့မရဘူး၊ အဲ့ဒီဈေးနဲ့ဆို ဘယ်သူမှမဝယ်ကြဘူး။ ဆိုင်တွေလည်း မရောင်းကြဘူး။ နောက်ပြီး ပြည်တွင်းမှာ ရွှေအထွက်များတဲ့အချိန်ဆိုတော့ အရောင်းအဝယ်ကအေးနေတယ်။ ဒါပေမယ့် နယ်ကလူတွေကတော့ ဒီဈေးတွေကြိုက်တော့ ပြန်လာရောင်းကြတယ်”လို့ သူက ပြောပါတယ်။

နစက က ဖွဲ့စည်းထားတဲ့ ရွှေနဲ့ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကတော့ ပြည်တွင်းရွှေစျေးကွက်အတွက် အခြေခံကျတဲ့ နိုင်ငံတကာအဆင့်မီ အလေးချိန်စံချိန်စံညွှန်းသတ်မှတ်ရေးလုပ်ငန်းအဖွဲ့တွေကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်း ရွှေစျေးကွက်မှာ အခြေခံရည်ညွှန်စျေးနဲ့ ပြင်ပပေါက်စျေးအကြား ကွာဟမှုရှိနေတဲ့အပေါ် စျေးတန်းတခုတည်း သတ်မှတ်နိုင်ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ပြည်တွင်းရွှေဈေးကွက်အတွက် အခြေခံကျတဲ့ နိုင်ငံတကာအဆင့်မီ အလေးချိန် စံချိန်စံနှုန်း သတ်မှတ်ရေးအပါအဝင် ရွှေဈေးနှုန်းတွက်ချက်မယ့် နည်းစနစ်နဲ့ အရည်အသွေးဆိုင်ရာ သတ်မှတ်ဖို့အတွက် လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ဗဟိုဘဏ်ကတော့ မြန်မာ့ဈေးကွက်ထဲ ရွှေစျေးနှုန်းတွေ တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေမှုတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ မတ် ၂၀ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမှာတော့ ရွှေဈေးတက်နေတဲ့အတွက် ရွှေဝယ်သူနည်းလာပြီး အရောင်းအဝယ်ပါးနေတယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။

“လက်ရှိမှာ အရောင်းအဝယ်ကတော့ ငြိမ်နေတယ်။ အခြေအနေစောင့်ကြည့်နေတဲ့သဘောပေါ့။ ရွှေဈေးကွက်ဆိုတာက အတက်အကျမြန်ဆန်တဲ့ ဈေးကွက်တခု၊ ခန့်မှန်းရခက်ပေမယ့် ကမ္ဘာ့ရွှေဈေး၊ ပြည်တွင်း ဒေါ်လာဈေးတွေအပေါ်မူတည်နေတာ” လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။

အဲ့ဒီ့လို ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ထိုးတက်နေချိန်မှာ ထိုင်းဘတ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းထားမှာ သိသိသာသာ မြင့်တက်ခြင်းမရှိဘဲ အပြောင်းအလဲနည်းနည်းနဲ့ ဈေးဖွင့်နေဆဲဖြစ်ပါတယ်။

မတ်လ ၂၃ ရက်အထိ ပြင်ပစျေးကွက် ဒေါ်လာပေါက်ဈေးမှာ ရောင်းဈေး တဒေါ်လာ ၂၈၇၃ ကျပ်၊ ဝယ်ဈေး ၂၈၆၃ ကျပ်ရှိပြီး ထိုင်းဘတ်ဈေးကတော့ ရောင်းဈေး ၈၄ ဒသမ ၅ ကျပ်၊ ဝယ်ဈေး ၈၄ ကျပ်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရည်ညွှန်းစျေးမှာလည်း မတ်လ ၁၀ ရက်က အခေါက်ရွှေ တကျပ်သား ၂,၁၅၉,၅၀၀ ကျပ်သာ ရှိခဲ့ပေမယ့် မတ် ၁၇ ရက်မှာတော့ ၂,၂၇၂,၆၀၀ ကျပ်ကို ရောက်ရှိလာခဲ့ပြီး တပတ်အတွင်း ၁၁၃,၁၀၀ ကျပ် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၀ ရက်က တအောင်စ ၁၈၂၈ ဒေါ်လာသာ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ မတ် ၁၇ ရက်အရောက်မှာတော့ တအောင်စ ၁၉၂၇ ဒေါ်လာအထိ မြင့်တက်နေတာ ဖြစ်ပါတယ်။

မတ် ၁၈ ရက်နေ့ ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၉၈ ဒေါ်လာကို ရောက်ရှိလာတဲ့အချိန်မှာတော့ YGEA ရည်ညွှန်းဈေးဟာ ၂၃ သိန်းကျော်ကို ရောက်ရှိလာခဲ့ပြီး တကျပ်သား ၂၃၄၃၃၀၀ နဲ့ ပြောင်းလဲ ဈေးဖွင့်ခဲ့ပါတယ်။

“သူတို့ ရည်ညွှန်းဈေးမှာတောင်မှ ကမ္ဘာ့ရွှေဈေးကိုလိုက်ပြီး ဈေးတက်လာတာလေ။ သူတို့တောင်မှ ရည်ညွှန်းဈေးကို ငြိမ်အောင်မထိန်းနိုင်ဘူး။ သူတို့သတ်မှတ်တဲ့စျေးကလည်း သူတို့တောင်အရောင်းအဝယ် မလုပ်ပါဘူး”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေစျေး မြင့်တက်နေမှုနဲ့အတူ ပြည်တွင်းရွှေစျေး မြင့်တက်နေပေမယ့်လည်း အခုစျေးနှုန်းမှာ စျေးကွက်အတွင်း ဝယ်ယူသူထက် ရောင်းချသူ ပိုများနေတာကြောင့် စျေးနှုန်းတက်သင့်သလောက် မတက်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ကတော့ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေမှုကို တားဆီးနိုင်ဖို့အတွက် ထုတ်ပြန်ချက်တွေ အသီးသီးထုတ်ပြန် ကြေညာပြီး အဖွဲ့အစည်းအသစ်တွေဖွဲ့လို့ ဈေးတန်းတခု ထပ်မံသတ်မှတ်ကာ ထိန်းချုပ်ဖို့ ကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ရွှေနဲ့ မြန်မာ့ရွှေ ချိတ်ဆက်ထားမှု မရှိဘူးလို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဘယ်လိုပင်ပြောဆိုကြပေမယ့်လည်း လက်ရှိ ပြည်တွင်းရွှေဈေးကတော့ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနဲ့အတူ တရွေ့ရွေ့ လိုက်ပါပြောင်းလဲနေပြီး ထုတ်ပြန်ချက်တွေနဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေကြားမှာ ဘာတွေဖြစ်လာအုံးမလဲဆိုတာ စောင့်ကြည့်ရအုံး ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရွှေစျေးကဏ္ဍ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW