ရွှေဘိုကားကွင်းအနီး ပေါက်ကွဲမှုဖြစ်ပွား ၊ ၁ ဦးသေဆုံး ၊ လူ ၂၀ နီးပါး ဒဏ်ရာရ

မတ် ၂၈ -၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ ၊ခရီးသည်တင် စုပေါင်းယာဥ်ရပ်နားစခန်းဝန်းနားမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးကာ လူ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။

” ကားကွင်းနားက မူးလက်တံ တံတားနားမှာပေါက်ကွဲတာပါ ၊ အဲ့ဒီပေါက်ကွဲမှုကြောင့် နေရာမှာတင် လူ ၁ ဦးသေတယ် ၊ ကလေးငယ် ၂ ယောက် အပါအဝင် လူ ၂၀ လည်း ဒဏ်ရာရတယ်၊ ကနဦး သိရတာက လူနာ ၂၀ ထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေရှိတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ပေါက်ကွဲမှုဖြစ်စဥ်မှာ ဒဏ်ရာရတဲ့လူတွေက လမ်းသွားလမ်းလာ ခရီးသည်တွေဖြစ်တယ် ၊ အခု ရွှေဘိုဆေးရုံကြီးမှာ အတွင်းလူနာ ၂၀ ထဲက ၊ အမျိုးသား ၁၂ ဦး ၊ အမျိုးသမီး ၈ ဦးရှိတယ်၊ အဲ့ဒီအထဲက အမျိုးသား လူနာ ၇ ဦးက အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် မန္တလေး ဆေးရုံးကို ဆက်လက်ပို့ဖို့ လုပ်နေတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ သက်ဆိုင်ရာက အတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင်ထဲက ခင်ဦး ၊ ဝက်လက်နဲ့ ရွှေဘိုမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် လူ ၇၀ ဦးထက်မနည်း မိုင်းစထိမှန် သေဆုံးခဲ့ရပြီး လူ ၁၅၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပရဟိတသမားတွေရဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #ပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW