အာရှလမ်းမကြီးကို ပြန်လည်ဖြတ်သန်းခွင့်ပြုပေမယ့် ကုန်ကားကြီးတွေကတော့ အခြေအနေစောင့်ကြည့်နေရ

မတ် ၃၀ -၂၀၂၃
GG(VOM)

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးကို မနေ့ မတ်လ ၂၈ ရက်နေ့ကစပြီး ကားတွေဖြတ်သန်းသွားလာခွင့် ​ပြန်လည်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ် ။

ကားတွေဖြတ်သန်းသွားလာခွင့်ပြုတဲ့နေရာမှာ
ကားအသေးတွေကိုသာ အဓိကသွားလာခွင့်ပြုနေပြီး တွဲကား၊ကုန်ကားကြီးတွေကတော့ အခြေအနေစောင့်ကြည့်နေရဆဲဖြစ်တယ်လို့ သိရပါတယ် ။

” ကားကြီးအားလုံးမရ​သေးပါဘူး၊ ကုန်သွယ်​ရေးဇုံ(တံတားကျိုး)နဲ့နီး​တဲ့ကားတွေ ဂျွိင်းတံတား​ပေါ်ကသွားလာနိုင်တဲ့ကားအ​သေးတွေသာ လွတ်​ပေးပါတယ်။ အကန့်သတ်ရှိပါတယ်၊ ဇုံအလွန်ကားနဲ့
ကော့ကရိတ်ကနေ တောင်ပေါ်မြဝတီတက်မယ့် ကားတွေသာရပါတယ်။” ဒေသခံတဦးကပြောပါတယ်။

ဒါ့ကြောင့်လက်ရှိမှာ မြဝတီနယ်စပ် ကုန်သွယ်ရေးက ဇုံထဲကိုရောက်ရှိနေပြီးသား ကုန်ပစ္စည်းတွေသာ ထိုင်းဘက်ကို တင်ပို့နိုင်ပြီး နောက်ထပ် ကုန်ပစ္စည်းအသစ်တွေတင်ပို့နိုင်ခြင်းမရှိလို့ ကုန်သွယ်မှုရပ်တဲ့အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။

” မနေ့က ညနေကဖြတ်သန်းခွင့်ပေးလိုက်တာဟုတ်တယ်၊ဒါပေမယ့် ကားလေးတွေပဲသွားလို့ရတယ်၊ကျနော်တို့ ကုန်ကားကြီးတွေသွားလို့ မရသေးဘူး။တံတားက ခံနိုင်ရည်တန်ချိန်ကားလေးလောက်ပဲသွားလို့ရတယ်။ အခုက ဇုန်ထဲရောက်နေပြီးသား ကားတွေကတော့ ကုန်သွယ်မှုလုပ်နိုင်တယ်။နောက်အသစ်တွေကတော့ ကားတွေဖြတ်သန်းမရတော့ ဝင်မလာနိုင်ဘူး။ဒီတော့ ကုန်သွယ်မှုက ရှိပြီးသားပဲ လုပ်နိုင်တဲ့အ​ခြေအနေဖြစ်ပါတယ် “လို့ ထိုင်းကို ပြောင်းတင်ပို့နေတဲ့ ကုန်သည်တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နဲ့၂၆ ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန် အပါအဝင် ကျုံဒိုး၊ကော့ကရိတ်မြို့နဲ့ အာရှလမ်းမ​ကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး မြဝတီကုန်သွယ်ရေးဇုန်နဲ့အာရှလမ်းမကြီးမှာ ပျက်စီးမှုတွေဖြစ်ခဲ့တာကြောင့် ကားတွေဖြတ်သန်းသွားလာခွင့်ကို ပိတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်လို့ ကားတွေဖြတ်သန်းသွားလာခွင့်ကို ရက် ၂၀ ကျော်ကြာပိတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်ကမှ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်ကနေ ထိုင်းနိုင်ငံကို အဓိကတင်ပို့နေတာကတော့ ပြောင်းအပါအဝင် လယ်ယာထွက်ကုန် ပစ္စည်း၊ရေထွက်ကုန် ပစ္စည်း နဲ့ CMP ပစ္စည်းတွေ တင်ပို့နေတာဖြစ်ပါတယ်။

ပုံစာ – ဇန်နဝါရီလပိုင်း လမ်းပြန်ဖွင့်စဥ်က ပုံဟောင်း
#voiceofmyanmar #VOM #မြဝတီ #ကော့ကရိတ် #အာရှလမ်းမကြီးအခြေအနေ

Related posts

Leave a Comment

VOM News

FREE
VIEW