မိုးညှင်းက ပြည်နယ်လွှတ်တော်အမတ် ၂ ဦး ထောင်ဒဏ်အသီးသီးချမှတ်ခံရ

မတ် ၃၁ – ၂၀၂၃
GG (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် NLD ပါတီက ပြည်နယ်လွှတ်တော်အမတ် ၂ ဦးဖြစ်တဲ့ ဒေါ်သက်ထားနှောင်းနဲ့ ဦးမျိုးကျော်ကို မနေ့ မတ်လ ၃၀ ရက်က ထောင်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့သိရပါတယ်။

ပြည်နယ်လွှတ်တော်အမတ် ဒေါ်သက်ထားနှောင်းကို အကြမ်းတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ထောင် ၁၁ နှစ်ထပ်မံချမှတ်လိုက်တာဖြစ်ပြီး ပြည်နယ်လွှတ်တော်အမတ် ဦးမျိုးကျော်ကိုတော့ ပုဒ်မ ၅၂ (က) နဲ့ထောင် ၇ နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” ဒေါ်သက်ထားနှင်းက အရင်၁နှစ်ချခံထားရတာရှိတယ်၊မနေ့က မြစ်ကြီးနားအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်၁၁ နှစ်ထပ်ချလိုက်တာပါ။ ဦးမျိုးကျော်လည်း မနေ့ကပဲ ထောင်၇နှစ်ချခံရတာဟုတ်ပါတယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ မေလ ၂၆ ရက်နေ့က ဒေါ်သက်ထားနှောင်းကို မြစ်ကြီးနားမြို့နယ် တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒေါ်သက်ထားနှောင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း နမ္မားမြို့၊ အောင်မင်္ဂလာရပ်ကွက်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နေအိမ်ကိုလည်းချိတ်ပိတ်ခံထားရတယ်လို့ သိရပါတယ်။

ဦးမျိုးကျော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၄ ရက် မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ဖမ်းဆီးပြီး၁လအကြာ စစ်ကြောရေးမှာ သေဆုံးသွားတယ်ဆိုပြီး သတင်းတွေလည်းထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထောင်ချခံထားရတဲ့ လွှတ်တော်အမတ်တွေရှိသလို၊ အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေရတဲ့ လွှတ်တော်အမတ်တွေလည်းရှိကြောင်း၊ နေအိမ်တွေချိတ်ပိတ်ခံထားရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုးညှင်း #လွတ်တော်အမတ်နှစ်ဦး #ထောင်အသီးသီးချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW