SN (VOM)
လက်ရှိ မြန်မာနိုင်ငံဟာ စီးပွားရေးကျဆင်းလာမှုနဲ့အတူ ၂၀၂၂ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာတဲ့ ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို တွေ့ကြုံခံစားနေကြရတာ ဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံအတွင်းက ထွက်ခွာသွားကြတဲ့အပြင် ကုန်ထုတ်လုပ်နေတဲ့ စက်ရုံတွေ ပိတ်သိမ်းသွားခြင်းနဲ့အတူ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးလာခဲ့ပါတယ်။
ဒါ့အပြင် လောင်စာဆီဈေးနှုန်းတွေနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားမှုကလည်း အိမ်ထောင်စုတွေရဲ့ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
နိုင်ငံရေး အပြောင်းအလဲနဲ့ ဒေသအသီးသီး မတည်ငြိမ်မှုဖြစ်စဉ်တွေရဲ့ ရလဒ်ကတော့ အလုပ်တွေရပ်သွားတယ်၊ ဝင်ငွေနဲ့ လစာတွေဆုံးရှုံးသွားတယ်။ အဲ့ဒီနောက်ပိုင်း သုံးစွဲမှုနှုန်းတွေကျလာတယ်။ တချို့ ဝင်ငွေနည်း အိမ်ထောင်စုတွေ အစာရေစာ မလုံလောက်တော့သလို အခြေခံပြည်သူ့ရေးရာစောင့်ရှောက်မှုတွေနဲ့ လူမှုရေးဆိုင်ရာ အကာအကွယ်တွေလည်း ဆုံးရှုံးလိုက်ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme, UNDP) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် IFPRI (ခေါ်) နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒသုတေသန အင်စတီကျုရဲ့ ၂၀၂၂ ခုနှစ် စစ်တမ်းအချက်အလက်တွေအရ မြန်မာနိုင်ငံက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဟာ ပြင်းထန်တဲ့ ဖိအားအောက်ရောက်နေပြီး အိမ်ထောင်စုဝင်ငွေတွေ လျော့ကျခဲ့တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ ဩဂုတ်လအတွင်း မြန်မာအိမ်ထောင်စုတွေရဲ့ လူမှုဖူလုံရေး စစ်တမ်းကို တတိယအကြိမ်မြောက် ကောက်ယူခဲ့ရာမှာ အိမ်ထောင်စု ၄၆ ရာခိုင်နှုန်းဟာ အရင်နှစ်တွေထက် ဝင်ငွေဆုံးရှုံးမှုတွေ ကြုံတွေ့နေရပြီး အိမ်ထောင်စု ၂၆ ရာခိုင်နှုန်းသာ ဝင်ငွေတိုးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဝင်ငွေကျဆင်းတဲ့ အိမ်ထောင်စုတွေထဲမှာ ကယားပြည်နယ်က ၇၈ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပြီး ချင်းပြည်နယ်က ၅၆ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ရခိုင်ပြည်နယ်က ၅၀ ရာခိုင်နှုန်းနဲ့ တတိယ အသီးသီးရှိနေတာဖြစ်ပါတယ်။ ဒီဒေသတွေဟာ လူဦးရေအရ ဆင်းရဲမွဲတေမှုနှုန်း အမြင့်ဆုံးစာရင်းမှာလည်း ပါဝင်နေပါတယ်။
အခုလို ဝင်ငွေကျဆင်းရတာဟာ အလုပ်ချိန်လျှော့ချတာနဲ့ အလုပ်အကိုင် မလုံလောက်တာတွေက လစာနဲ့လုပ်ခစား လုပ်သားတွေအတွက် အဓိကစိန်ခေါ်မှုတွေဖြစ်တယ်လို့လည်း သိရပါတယ်။
“ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးဆိုးရွားမှု နောက်ဆက်တွဲ အကျိုးဆက်တွေက အနည်းဆုံး ဆယ်စုနှစ်တခုနီးပါး ကြိုးပမ်းခဲ့တဲ့ ဆင်းရဲမှုလျှော့ချရေး ကြိုးပမ်းအားထုတ်မှုတွေကို ဖျက်ဆီးလိုက်တာပေါ့။ အရင် ဆင်းရဲနွမ်းပါးသူတွေ အခု ပိုဆိုးတဲ့အခြေအနေကိုရောက်နေတယ်။ မညီမျှမှုတွေ ပိုပြီး ဆိုးရွားလာလိမ့်မယ်”လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။
ဆင်းရဲခြင်း အဓိက (၂)မျိုးရှိပြီး ဝင်ငွေမရှိ၊ ငွေကြေးမရှိခြင်းနဲ့ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့ဖြစ်ပါတယ်။ ဆင်းရဲခြင်း (Poverty)ကို အိမ်တအိမ်၊ လူတဦးချင်းစီရဲ့ ဝင်ငွေ (Income) နဲ့ တိုင်းတာကြပါတယ်။
လွယ်ကူရိုးရှင်းအောင်ပြောရရင် လူတဦးဟာ တနေ့ဝင်ငွေ ဘယ်လောက်ရှိလဲ၊ အသုံးစရိတ်လောက်ငှလား၊ လိုအပ်လား၊ စုဆောင်းနိုင်သလား၊ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရဲ့လား၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လူမှုရေးတွေမှာ သုံးနိုင်သလား စတဲ့ အချက်တွကိုကြည့်ပြီး ဆင်းရဲ၊ ချမ်းသာ ခွဲခြားသတ်မှတ်တာ ဖြစ်ပါတယ်။
ဒါ့အပြင် တနိုင်ငံနဲ့တနိုင်ငံ တိုင်းတာတဲ့ စံသတ်မှတ်ချက်တွေလည်း ကွာခြားပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာမှာ လူတဦး တရက်ဝင်ငွေ ၁၅၉၀ ကျပ် (ဒါမှမဟုတ်) အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၆ အောက် ရရှိသူများကို ဆင်းရဲနွမ်းပါးမှုစာရင်းအောက် ရောက်ရှိတယ်လို့ သတ်မှတ်ပါတယ်။
“မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းက ၂၀၀၅ ခုနှစ်မှာ ၄၈ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ဆင်းရဲ့မွဲတေမှုနှုန်းလျော့ပါးအောင် ကြိုးစားနိုင်ခဲ့ကြတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော် ဆင်းရဲမွဲတေနေကြရပါတယ်။ ဒီဆင်းရဲမှုနှုန်းကလည်း တဖြည်းဖြည်းနဲ့ တက်လာဖို့ရှိတယ်”လို့ သူက ပြောပါတယ်။
ဆင်းရဲရတဲ့အကြောင်းတွေကို လေ့လာကြည့်ရင် နိုင်ငံတော်အဆင့်၊ လူ့အဖွဲ့အစည်းအဆင့်၊ အိမ်ထောင်စုအဆင့် စတဲ့ အဆင့် (၃)မျိုးကို အခြေခံပြီး ဆက်စပ်ကြည့်ရပါတယ်။ အဓိကအားဖြင့် အကြောင်းအရင်း (၆)မျိုးကြောင့်ဖြစ်ပြီး ဒီ အကြောင်းရင်းတွေကတော့ နယ်မြေမတည်ငြိမ်မှု၊ မလုံခြုံမှု၊ အခွင့်အလမ်းများနည်းပါးမှု၊ အလုပ်အကိုင်/ ဝင်ငွေမရှိခြင်း၊ မညီမျှမှု၊ ထိခိုက်လွယ်မှု/ ဖယ်ကျဉ်ခံရမှု၊ အခြေခံအဆောက်အအုံတွေ မပြည့်စုံမှု စတာတွေကြောင့်ဖြစ်ပါတယ်။
နိုင်ငံတော်အဆင့် (National Level) အကြောင်းအရင်းတွေကို ကြည့်ရင် အဓိက အကြောင်းအရာတွေကတော့ ရာသီဥတုဆိုးရွားပြီး ရေကြီး၊ မိုးခေါင်၊ မုန်တိုင်း၊ ငလျင် စတဲ့ သဘာဝဘေးအန္တရာယ်တွေကို မကြာခဏ ပြင်းထန်စွာ ခံစားရခြင်း၊ သဘာဝသယံဇာတ အရင်းအမြစ်တွေရှိပေမယ့်လည်း စနစ်တကျ မစီမံနိုင်ခြင်း၊ နိုင်ငံတော်မှ တရားဝင် ဝင်ငွေမရဘဲ တခြားသော အဖွဲ့အစည်းတွေက ထိန်းချုပ်သုံးစွဲခြင်း၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အကျင့်ပျက် ချစားမှုတွေရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရသင့်ရထိုက်တဲ့ အခွန်အခတွေ အပြည့်အဝမရရှိခြင်း၊ လုပ်ကိုင်စားသောက်နိုင်ဖို့ မြစ်ချောင်း၊ အင်းအိုင်၊ လယ်ယာကိုင်းကျွန်း ရှားပါးခြင်း၊ တိုင်းရင်းသား တန်းတူညီမျှမှုမရှိခြင်း၊ ရှိသော်လည်း မရှိဟု တမင်အသုံးချ အဖျက်လမ်းကြောင်း ရွေးချယ်ခြင်း၊ စီးပွားရေးဈေးကွက် မတည်ငြိမ်ခြင်းနဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများရှိပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
လူ့အဖွဲ့အစည်းအဆင့် (Community Level) အကြောင်းအရင်းတွေကို ကြည့်မယ်ဆိုရင် အဓိက အကြောင်းအရာတွေကတော့ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်၊ မပြည့်စုံခြင်း၊ လူမှုရေးအခြေခံအဆောက်အုံ မကောင်းမွန်၊ မပြည့်စုံခြင်း၊ အလုပ်အကိုင်၊ အခွင့်အလမ်း ရှားပါးခြင်း၊ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးမယ့် လူ့အဖွဲ့အစည်းတွေ နည်းပါးခြင်း စတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အိမ်ထောင်စုအဆင့် (Household Level) အကြောင်းအရင်းတွေကို ကြည့်ရင် အဓိက အကြောင်းအရာတွေကတော့ အိမ်ထောင်စုဝင်များတဲ့ အိမ်တအိမ်မှာ အလုပ်လုပ်နိုင်သူ အရေအတွက်နည်းပြီး သက်ကြီး ရွယ်အို၊ မကျန်းမာသူ၊ ကလေးအရေအတွက်များခြင်း၊ အမျိုးသမီး/ သက်ကြီးရွယ်အိုများဦးစီးတဲ့ အိမ်ထောင်စုဖြစ်ခြင်း၊ အဲ့ဒီ့အချက်တွေကြောင့် ဝင်ငွေရှာဖွေနိုင်မှု မရှိဘဲ ထွက်ငွေများခြင်း၊ ပညာရေးနိမ့်၊ ပညာမတတ်၊ ကျန်းမာရေးမကောင်းတာကြောင့် လုပ်နိုင်ကိုင်နိုင်မှုမရှိဘဲ စွမ်းဆောင်ရည်နည်း၍ ဝင်ငွေမရှာဖွေနိုင်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အရက်သေစာ သောက်စားပြီး လောင်းကစားလုပ်ခြင်း၊ ရာဇဝတ်မှုတွေ ကျူးလွန်ခြင်း၊ အမှုအခင်းတွေ ရင်ဆိုင်ရခြင်း၊ လုပ်ကိုင်ဖို့ ငွေကြေးအရင်းအနှီး ရရှိရန်ခက်ခဲခြင်း၊ မလွယ်ကူခြင်း၊ ရရှိသော်လည်း အတိုးနှုန်းကြီးမားခြင်း၊ ရှိတဲ့အလုပ်၊ ရတဲ့အလုပ်ကို ဖြစ်မြောက်အောင်မလုပ်ချင်၊ အပျင်းကြီးသူ၊ တိုးတက်ချင်စိတ်မရှိသူ၊ အလုပ်မလုပ်သူများရှိတဲ့ အိမ်ထောင်စုဖြစ်ခြင်း စတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
“အမျိုးသမီးဦးဆောင်နေတဲ့ အိမ်ထောင်စုတွေကတော့ ဆင်းရဲမွဲတေမှုရဲ့ ထောင်ချောက်ထဲကို အလွယ်တကူ ရောက်ရှိနိုင်ပါတယ်။ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အနေနဲ့ ဆင်းရဲမွဲတေမှုရဲ့ ဝန်ထုတ်ဝန်ပိုကို ပိုခံရနိုင်ဖွယ်လည်းရှိပါတယ်။ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် အမျိုးသမီးတွေက လုပ်ငန်းခွင်ကနေ ကျောခိုင်းကြရတော့မှာ ဖြစ်ပါတယ်”လို့ စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။
အဲ့ဒီလိုပဲ ငွေလွှဲပေးပို့မှု (Remittance)ကို မှီခိုနေရတဲ့ အိမ်ထောင်စုတွေဟာလည်း ဝင်ငွေနည်းခြင်းဒုက္ခကို ခံရလိမ့်မယ်လို့ သူက ပြောပါတယ်။ ဘဏ်လုပ်ငန်းတွေ ရပ်တန့်လုနီးပါး ဖြစ်သွားတာ၊ စက်ရုံလုပ်ငန်းတွေ ပိတ်သိမ်းသွားတာတွေကြောင့် အခက်အခဲများစွာကို ရင်ဆိုင်ကြရလိမ့်ဦးမယ်လို့ သိရပါတယ်။
တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ရှိတဲ့ လူဦးရေ ၂ ဒသမ ၂ သန်းဟာ ငွေလွှဲမှုကိုလက်ခံပြီး စားဝတ်နေရေးအတွက် မှီခိုနေကြရတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုလူတွေအနေနဲ့ ဘဏ်တွေ အဆင်မပြေတော့လို့ ငွေလွှဲလက်ခံမှု မရတော့ဘူးဆိုရင် မှီခိုနေတဲ့ အိမ်ထောင်စုဝင်တွေရဲ့ စားနပ်ရိက္ခာလုံခြုံမှု ပြဿနာရှိနေကြရပါတယ်။
ဒါ့အပြင် လုပ်သားအရေအတွက် အများဆုံး အသုံးပြုရတဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ စက်မှုဇုန်ထဲက စက်ရုံတွေ ပြန်မလည်ပတ်နိုင်တာနဲ့ တခြား အကြပ်အတည်းတွေကြောင့် အလုပ်သမားများစွာ အလုပ်လက်မဲ့ဖြစ်ကြရဦးမှာပါ။ ရေရှည်မှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုတွေ အရမ်းမြင့်လာမယ့် သဘောဖြစ်ပါတယ်။
လက်ရှိမှာ နိုင်ငံတကာအကူအညီတွေလည်း အရမ်းနည်းသွားပြီး တချို့ ပြည်ပအလှူရှင်အဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ ပြည်သူတွေထံ တိုက်ရိုက်ရောက်မယ့် အကူညီမျိုးနဲ့ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
စက်ရုံတွေမှာ ထုတ်လုပ်မှုတွေရပ်ဆိုင်းလိုက်လို့ စက်မှုဇုံလုပ်သားတွေ ဇာတိပြန်ကြရတယ်။ တချို့ဆို ဝမ်းစာရေးအတွက် တခါမှ ဈေးမရောင်းဖူးသူတွေက လမ်းပေါ်ထွက် ဈေးရောင်းကြရတယ်။ ဒါပေမယ့်လည်း ဈေးဝယ်သူထက် ဈေးရောင်းသူတွေက ပိုများနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်ကြသလို၊ ထုတ်လုပ်ရေးအခြေပြုလုပ်ငန်းတွေလည်း မလည်ပတ်နိုင်တဲ့အတွက် လူအများအပြား အလုပ်လက်မဲ့ ဖြစ်ကြရပါတယ်။
အဲ့ဒီ့ရဲ့ နောက်ဆက်တွဲအဖြစ် အရင်ကလို အိမ်နီးချင်းနိုင်ငံတွေကို ရွေ့ပြောင်း အလုပ်သွားလုပ်ကြတော့မလား၊ အခုကာလကလည်း နိုင်ငံကူးလက်မှတ်ရရှိရေး အခက်အခဲတွေ ရှိနေတာကြောင့် တခြားနိုင်ငံတွေဆီ တရားဝင်သွားရောက် အလုပ် လုပ်ကိုင်ဖို့ အရင်လို မလွယ်ကူနိုင်တော့ပါဘူး။ တရားမဝင် ရွှေ့ပြောင်းသွားလာရင်လည်း လူကုန်ကူးမှုအန္တရာယ်ကလည်း တမျိုးရှိနေတဲ့အတွက် ဘူးလေးရာ ဖရုံဆင့်ဆိုသလို ကိုယ့်နိုင်ငံသားတွေပဲ ထပ်ပြီး ဒုက္ခအတိဖြစ်နေပါဦးမယ်။
မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၀ ခုနှစ်၊ မတ်လ ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းကတည်းက လုပ်ငန်းအတော်များများ ရပ်ဆိုင်းထားခဲ့ကြရပြီး ခရီးသွားလုပ်ငန်းနဲ့ သူ့ကိုမှီတည်ထားတဲ့ လုပ်ငန်းအတော်များများ ရပ်တန့်သွားခဲ့ရပြီးဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ နိုင်ငံရေးအပြောင်းအလဲရဲ့ ဆိုးကျိုးတွေကို ပြည်သူတွေ ထပ်မံပြီး ပြင်းပြင်းထန်ထန် ခံစားနေကြရတာပါ။
ဆင်းရဲရတဲ့အကြောင်းတရားများစွာရှိတဲ့အနက်က အရေးကြီးဆုံး အဓိကအကျဆုံးကတော့ တည်ငြိမ်အေးချမ်းရေး၊ တနည်းဆိုရရင် “ငြိမ်းချမ်းရေး”ရပြီး ငြိမ်းချမ်းပြီး တည်ငြိမ်ရေးပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရအောင်လုပ်နိုင်မယ်၊ ဒေသအလိုက် အကြမ်းဖက်မှုတွေ ကင်းဝေးမယ်ဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်လာမယ်၊ စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်မယ်။ ရင်းနှီးမြုပ်နှံမှုတွေ တိုးချဲ့လုပ်နိုင်မယ်။ ကူးသန်းရောင်းဝယ်ရေးတွေ ကောင်းလာမယ်၊ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲဧကန်ဖြစ်ပြီး ဆင်းရဲမှု လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ အခြေအနေကတော့ “ရွှေပြည်တော် မျှော်တိုင်းဝေး” ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ တရားဥပဒေစိုးမိုးမှု ရရှိရေး၊ ဒေသတွင်းတည်ငြိမ်ပြီး ကောင်းမွန် ခိုင်မာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနိုင်ဖို့အတွက်ကတော့ အိပ်မက်တခုလို ဖြစ်နေပါသေးတယ်။ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေအပြီး နောင်အနာဂတ် ရွှေရောင်သန်းလာမယ့် အချိန်မှာလည်း ကာလရှည်အမြစ်တွယ်နေခဲ့တဲ့ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှု ပြဿနာတွေကို အစိုးရတရပ်အနေနဲ့ နှစ်ပေါင်းများစွာ အချိန်ယူပြီး ဖြေရှင်းကြရဦးမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ က စပြီး နိုင်ငံရေးပြောင်းလဲမှုက လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းတွေကို နောက်ဆက်တွဲအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အရင်လို တည်ငြိမ်အေးချမ်းမှု ပြန်ရရင်တောင် တိုင်းပြည် ပြန်လည်တည်ဆောက်ရေးက လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အချိန်ယူ ကြိုးပမ်းကြရပါလိမ့်ဦးမယ်။ ။
Photo Crd – Original Uploader
#voiceofmyanmar #VOM #မြန်မာ့စီးပွားရေးကဏ္ဏ #သုံးသပ်ချက်ဆောင်းပါး