ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန်

ဧပြီ ၂၉ – ၂၀၂၃
GG(VOM)

ဝါရင့်အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)ဟာ ဒီနေ့ဧပြီလ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။

ဦးဝင်းနိုင်ဟာ ပုလဲမြို့သစ်မှာဖွင့်လှစ်ထားတဲ့ အနုပညာရှင် ဘိုးဘွားတွေနားခိုတဲ့ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာပဲ ကွယ်လွန်သွားတာဖြစ်တယ်လို့သိရပါတယ်။

” ဒီနေ့မနက် ၆ နာရီ ခွဲလောက်က ကွယ်လွန်သွားတယ်လို့သိရတယ်။အရင်ကတည်းက လေဖြတ်ထားတဲ့ဒဏ်ကလည်းရှိတော့ အဲ့ဒါတွေကြောင့်လည်းပါမှာပေါ့။ “လို့ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဦးဝင်းနိုင်ဟာ လေဖြတ်ရောဂါဝေဒနာကိုခံစားနေရတာဖြစ်ပြီး လက်ရှိကွယ်လွန်ချိန်မှာ အသက်၇၄ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

အနုပညာရှင် ဦးဝင်းနိုင်ကို သူနေထိုင်ရာ ယုဇနဥယျာဉ်မြို့တော် နေအိမ်ကနေ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို ၂၀၁၉ ခုနှစ်ကုန်လောက်မှာ ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ခေါ်ဆောင်ချိန်ကတည်းက ဦးဝင်းနိုင်(အနုပညာ)ရဲ့ ကျန်းမာရေးအခြေအနေဟာ လူတွဲထားပြီး ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့အနေအထားဖြစ်တယ်လို့သိရပါတယ်။

ဦးဝင်းနိုင်ဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့သလို အငြိမ့်ဇာတ်သဘင်မှာပါ လူရွှင်တော်အဖြစ်လည်း လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

အနုပညာရှင်ဦးဝင်းနိုင်ကွယ်လွန်တဲ့အပေါ် အနုပညာရှင်အသိုင်းအဝိုင်းကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်စာမျက်နာမှာရေးသားထားကြပါတယ်။

#voiceofmyanmar #VOM #သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ) #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW