မုန်တိုင်း`မိုခါ´ကြောင့် ရခိုင်က ရေကြောင်းနဲ့ လေကြောင်း ခရီးစဉ်အားလုံး ရပ်ဆိုင်းထား

မေ၊၁၄-၂၀၂၃
MM(VOM)

ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ ရခိုင်ပြည်နယ်ကိုဖြတ်ကျော်ဝင်ရောက်မှာဖြစ်တာကြောင့် ရခိုင်ပြည်နယ်ကနေ အခြားဒေသတွေကိုသွားမယ့် ခရီးစဉ်တွေအားလုံး ယာယီရပ်ဆိုင်းထားတယ်လို့ ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”ဟာ ရခိုင်ပြည်နယ်ကိုဖြတ်ကျော်ဝင်ရောက်နိုင်တာကြောင့် ပြည်တွင်းရေကြောင်းလိုင်း၊ ကုန်တင်ရေယာဉ်တွေနဲ့ ပင်လယ်ကူးသင်္ဘောတွေကိုရပ်နားထားကြဖို့အပြင်လေကြောင်းခရီးစဉ်တွေနဲ့ ကုန်းလမ်းခရီးစဉ်တွေကိုပါရပ်ဆိုင်းထားတာလို့ သိရပါတယ်။

“ရခိုင်ပြည်နယ်ကနေ ဒေသ အသီးသီးကိုပြေးဆွဲနေတဲ့ ခရီးစဉ်တွေအကုန်လုံးကို ယာယီရပ်နားကြဖို့စာထုတ်ပြန်ထားတာပါ၊ အကုန်လုံးပါတယ်၊ မုန်တိုင်းပြီးမှ ပြန်လည် စတင်လည်ပတ်ခွင့်ပေးမှာဖြစ်တယ်လို့သိရတယ်၊ အားလုံး အန္တရာယ်ကင်းရှင်းစေရေးအတွက် ရပ်နားထားခြင်းဖြစ်တယ်၊ ရေယာဉ်ခရီးစဉ်တွေက မေလ ၁၁ ရက်က စတင် ရပ်နားပါတယ်၊လေကြောင်းနဲ့ ကုန်းလမ်းခရီးစဉ်တွေကတော့ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ရပ်နားတာပါ”လို့ ပြည်တွင်း ခရီးသွားလတ် မှတ်ရောင်းချတဲ့ ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။

မုန်တိုင်းကြောင့် ပြေးဆွဲမှုယာယီ ရပ်ဆိုင်းထားတဲ့ ရေကြောင်း ၊ လေကြောင်း ၊ ကုန်းလမ်းမော်တော် ယာဉ် ခရီးစဉ်တွေ အားလုံးကို မုန်တိုင်းအခြေအပေါ်မူတည်ပြီး လုပ်ငန်းတွေ ပြန်လည်၊ လည်ပတ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ စတင် ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ မေလ ၁၄ ရက် မနက်ပိုင်းက စတင်ကာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ကော့ဘဇားမြို့နဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဗဟိုချက်လေဖိအား(၉၃၈)ဟက်တို ပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်း(၁)နာရီကို(၁၂၅) မိုင်ကနေ (၁၃၅)မိုင်နှုန်းနဲ့ ဖြတ်ကျော်ဝင်ရောက် နေတာ ကြောင့် အနီရောင်အဆင့်အဖြစ်သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက မေလ ၁၄ ရက် မနက် ၇ နာရီအချိန်ထုတ်ပြန်ချက်မှာ ဖော်ပြထားချက် အရသိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မိုခါမုန်တိုင်း #ခရီးစဥ်အားလုံးရပ်နားထား

Related posts

Leave a Comment

VOM News

FREE
VIEW