ပဋိပက္ခတွေကြောင့် ကမ္ဘာ့ပြည်သူ သန်း ၁၁၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂထုတ်ပြန်

ကုလသမဂ္ဂ၊ ဇွန်-၁၅-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘာပေါ်တွင် ပဋိပက္ခတွေ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကမ္ဘာ့လူဦးရေသန်း ၁၁၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန် ၂၀ ရက်မှာကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့မတိုင်မီ ဒုက္ခသည်များဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းထိ စစ်ပွဲသို့မဟုတ် အခြားသောအကြောင်းရင်းများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၀၈ ဒသမ ၄ သန်းရှိပြီး ၂၀၂၁ ခုနှစ်ကထက် ၁၉ ဒသမ ၁ သန်းတိုးလာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆယ်စုနှစ်တခုကျော်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ဆီးရီးယားမှာ ပြည်သူ ၆ ဒသမ ၅၄ သန်းဟာ သူတို့ရဲ့နေရပ်တွေကို စွန့်ခွာထွက်ပြေးနေရပြီး ယူကရိန်းမှာလည်း ရုရှားရဲ့တိုက်ခိုက်မှုကြောင့် လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာနေရပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေ ဆုတ်ခွာပြီးနောက် တာလီဘန်တို့ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်မှာလည်း နေရပ်စွန့်ခွာမှုတွေ ဖြစ်ပွားနေကာ ဆူဒန်တွင်လည်း ပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာ ထွက်ပြေးနေရပါတယ်။

ဒီလိုနေရပ်စွန့်ခွာသူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုထောက်ပံ့ကူညီမှုတွေကို မျှဝေဖို့နဲ့ ဒုက္ခသည်တွေ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ဖို့ ပဋိပက္ခနဲ့အတားအဆီးတွေကို အဆုံးသတ်ဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက တိုက်တွန်းထားပါတယ်။

Ref: NHK
Photo: AFP
#VOM #voiceofmyanmar #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW