ဇူလိုင် ၄-၂၀၂၃
Voice Of Myanmar(VOM)
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောရောဂါကုဌာနမှာ နည်းပညာအသစ်အသုံးပြုပြီး နှလုံးနှိုးစက်တပ်ဆင်ခြင်း၊ နှလုံးညှစ်အားကောင်းစေသောစက်တပ်ဆင်ခြင်းကို မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် ၂၀၂၃၊ ဇူလိုင် (၄)ရက်နဲ့ (၅)ရက်နေ့တွေမှာ တပ်ဆင်ကုသပေးနေတယ်လို့ သိရပါတယ်။
Conduction System Pacing နည်းပညာအသစ်ကို မလေးရှားနိုင်ငံ ဆာရာဝက်ပြည်နယ်ရှိ Sarawak Heart Centre မှ နှလုံးအထူးကုဆရာဝန်ကြီး Dr Koh Keng Tat လာရောက်သင်ကြားပြသပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောရောဂါ အထူးကုဌာနမှ နှလုံးဆရာဝန်ကြီးများနှင့်အတူ လူနာ (၅)ဦးအား တပ်ဆင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ဇူလိုင် (၄) ရက်နေ့မှာ အသက် (၆၆) အမျိုးသားလူနာတစ်ဦး၊ အသက်(၆၅) နဲ့ (၆၄) အရွယ် အမျိုးသမီးလူနာနှစ်ဦးတို့ကို တပ်ဆင်ကုသပေးမှာဖြစ်ပြီး၊ ဇူလိုင် (၅) ရက်နေ့မှာ အသက် (၆၅) နဲ့ အသက် (၅၃) အရွယ် အမျိုးသားလူနာနှစ်ဦးတို့ကို တပ်ဆင်ကုသပေးမှာဖြစ်တယ်လို့ သိရပါတယ်။
နှလုံးနှိုးစက်တပ်ဆင်ခြင်းကို နှလုံးခုန်ချက်အရမ်းနှေးပြီးရပ်သွားသောကြောင့် သတိလစ်သွားတဲ့ လူနာတွေကို နှလုံးခုန်နှုန်းပုံမှန်ဖြစ်အောင် ဝါယာကြိုးတစ်ချောင်းစက်၊ နှစ်ချောင်းစက်တို့ဖြင့် တပ်ဆင်ပေးခြင်းကို မန္တလေး ပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောရောဂါအထူးကုဌာနမှာ ၂၀၀၁ ခုနှစ်မှစတင် တပ်ဆင်ပေးခဲ့ရာ ဒီနေ့အထိ ၂၁၄၀ ဦးကို မြန်မာနှလုံးဆရာဝန်ကြီးများကိုယ်တိုင် တပ်ဆင်ကုသမှုပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
နည်းပညာတိုးတက်မှုအဖြစ် နှလုံးနှိုးစက်ကို နှလုံးခုန်နှုန်းနှေးခြင်း၊ရပ်ခြင်းခံစားနေရတဲ့လူနာတွေကိုသာမက နှလုံးညှစ်အားနည်းရောဂါ (Heart Failure) ရှိသောလူနာများကိုပါ နှလုံးညှစ်အားကောင်းလာစေဖို့ ဝါယာကြိုးသုံးချောင်းတပ်ဆင်ပြီး နှလုံးခုန်မှန်ခြင်းဖြစ်စေသည့် CRT (Cardiac Resynchronization Therapy) စက်ကိုတပ်ဆင်ကာ နှလုံးညှစ်အားနည်းရောဂါ Heart Failure) လူနာတွေ ကျန်းမာစွာ နေထိုင်အောင် ကုသနေ
တယ်လို့ သိရပါတယ်။
အဲ့ဒီCRT စက် တပ်ဆင်ကုသခြင်းကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောရောဂါအထူးကုဌာနမှာ ၂၀၁၂ ခုနှစ်မှ စတင်၍ နိုင်ငံခြားမှကျွမ်းကျင်နှလုံးဆရာဝန်ကြီးများနှင့်အတူ တပ်ဆင်ပေးနိုင်ခဲ့ရာ ဒီနေ့အထိ လူနာပေါင်း (၆၀) ကို ကုသမှု့ပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
အခုနောက်ဆုံးနည်းပညာအသစ်မှာ နှလုံးနှိုးစက်နှင့်နှလုံးကိုဆက်သွယ်ပေးမယ့် ဝါယာကြိုး (Electrode lead)ကို နှလုံးရဲ့ညာဘက်အခန်းထိပ်တွင်တပ်ဆင်မယ့်အစား သဘာဝ ဇီဝကမ္မဖြစ်စဉ်အတိုင်း နှလုံးခုန်လျှပ်စီးပတ်လမ်းရှိတဲ့နေရာ (Conduction System)မှာ ထားရှိခြင်းဖြင့် လူနာအတွက် မူလသဘာဝအတိုင်း နှလုံး၏လုပ်ဆောင်မှု Heart Function ကို ရရှိစေနိုင်တယ်လို့ သိရပါတယ်။
နှလုံးနှိုးစက်တပ်ဆင်ထားတဲ့ လူနာတွေအနေနဲ့ စက်တပ်ဆင်ပြီးနောက်ပိုင်း ရရှိလာနိုင်သော Pacemaker Syndromeလို့ခေါ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို နည်းပါးစေနိုင်တယ်လို့လည်း သိရပါသည်။
ဤကုသမှု့မျိုးအနက် နှလုံးခုန်နှေးသောလူနာများအား ကြိုးနှစ်ချောင်းဖြင့် တပ်ဆင်ကုသမျှ Conduction System Pacing ကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ နှလုံးအထူးကုဌာနတွင် ၂၀၁၉ ခုနှစ်က နိုင်ငံခြား ဆရာဝန်ကြီးများနှင့်အတူ လူနာသုံးဦး ကုသပေးခဲ့သည်ဟုသိရှိရပြီး နှလုံးညှစ်အားနည်းသော လူနာများအတွက် ကြိုးသုံးချောင်းစက်ဖြင့် (Conduction System Pacing CRT) ကုသခြင်းကို ယခု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ တပ်ဆင်ကုသပေးခြင်းဟာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
#voiceofmyanmar #VOM #မန္တလေး