ရန်ကုန်က မြို့နယ် ၁၃ ခုမှာ ညပိုင်းအချိန် တစ်ပြိုင်နက်တည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့

ဇူလိုင် ၅ – ၂၀၂၃
SN (VOM)

မနေ့ ဇူလိုင် ၄ ရက်နေ့၊ ည ၈ နာရီ ၃၈ မိနစ် ဝန်းကျင်အချိန်က ရန်ကုန်ရှိ မြို့နယ် ၁၂ မြို့နယ်မှာ တပြိုင်နက်တည်း ဗုံးတွေပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဗဟန်း၊ တောင်ဒဂုံနဲ့ သန်လျင် စတဲ့ မြို့နယ် (၁၃) မြို့နယ်မှာ ဗုံးတွေ တစ်ပြိုင်နက်တည်း ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး တချို့နေရာတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ည ၉ နာရီကျော်လောက်ကတည်းက ဗုံးသံတွေကြာနေရတာ။ ၁၀ နာရီကျော်တဲ့အထိ ကြားနေရတုန်း။ ဗုံးကွဲတာ ၄/၅ လုံးလောက်တော့ရှိမယ်။ ဘယ်နားမှာ ပေါက်နေလည်းတော့မသိဘူး။ ကျွန်တော်တို့ နေတဲ့ဘက်ကနေ ဆက်တိုက်ဆိုသလို ကြားနေရတယ်။ တချို့အသံတွေ တော်တော်ကျယ်၊ တချို့အသံတွေကတော့ နည်းနည်းဝေးတယ်။ ည ၁၀ နာရီ ၁၀ မိနစ်လောက်အထိကို ကြားနေရတာ” လို့ ‌မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့ ပေါက်ကွဲမှုဖြစ်စဥ်တွေဟာ တချို့မြို့နယ်တွေမှာ နယ်နိမိတ် နီးစပ်တာကြောင့် ပေါက်ကွဲသံ ကြားနေရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှ ဒေသခံတစ်ဦးကလည်း “မနေ့ည ၈ နာရီခွဲ ကျော်ကျော်လောက်ကစပြီး ဗုံးကွဲသံတွေကြားရတာ။ ရုံးရှေ့၊ မြို့တော်ခန်းမနားမှာလည်း ပစ်ခတ်မှုတွေဖြစ်တယ်။ ည ၁၀ နာရီ၊ မိနစ် ၅၀ လောက်ကဖြစ်မယ်။ အဲ့ဒီနေရာမှာ တပ်စွဲထားတာလေ။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ကြားတယ်။ လူနာတင်ကားတွေသွားတာ တွေ့တယ်”လို့ ပြောပါတယ်။

အဲ့ဒီ့ ပစ်ခတ်သံတွေ ကြားရပြီးနောက် ရွှေပြည်သာတံတား၊ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ပန်းလှိုင်တံတားနဲ့ အဝေးပြေးအနီး လမ်းမတွေကို ပိတ်ဆို့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သန်လျင်က ဗိုလ်ချုပ်ကျေးရွာနဲ့ အောင်ချမ်းသာကြား၊ တပင်ရွှေထီး လမ်းမပေါ် မှာလည်း မနေ့ ည ၁၁ နာရီခွဲလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီ့နေရာဟာ ဆိုင်ကယ် အဖမ်းအဆီး အရမ်းများတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

“အောင်ချမ်းသာနဲ့ ဗိုလ်ချုပ်ရွာကြားမှာ ပေါက်ကွဲမှုဖြစ်တာ။ ဗုံးတွေ့လို့ စစ်ဆေးဖို့သွားတဲ့သူတွေ အဲ့ဒီဗုံးနားအရောက်မှာ ပေါက်ကွဲမှုဖြစ်တာ။ ၃/၄ ယောက်လောက်တော့ ထိတယ်ကြားတယ်။ သူတို့တွေက အဲ့နားမှာ ဆိုင်ကယ်တွေအများဆုံး ဖမ်းနေတာလေ”လို့ သန်လျင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လှိုင်သာယာ (၅) ထိပ်ကားမှတ်တိုင်အနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့ပြီး ည ၁၀ နာရီ ၂၅ မိနစ်မှာ ကားလမ်းဘေးမှာ အတားအဆီးပြုလုပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ဗိုလ်တထောင်မြို့နယ်၊ (၄) ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်၊ အမျိုးသားစီမံခန့်ခွဲရေးကောလိပ် ခြံစည်းရိုး အုတ်တံတိုင်းပေါ်မှာ မနေ့ည ၈ နာရီ ၁၅ မိနစ်က မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့တာကြောင့် လုံခြုံရေးအဖွဲ့က ရှင်းလင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ ဇူလိုင် ၄ ရက် ညပိုင်းက ရန်ကုန်တိုင်း၊ ခရိုင် ၄ ခုရှိတပ်စခန်း ၂ ခု၊ ဦးစီးဌာန ၃ ခုနဲ့ စစ်ဆေးမှုအများဆုံး ပြုလုပ်နေတဲ့ နေရာတစ်ခုကို ဗုံး ၁၂ လုံး အသုံးပြု ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန် UG အင်အားစုက သတင်းထုတ်ပြန်ထားတာကိုလည်း လူမှုကွန်ရက်စာမျက်နှာအချို့မှာ တွေ့ရပါတယ်။

ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တရားရုံး၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာနဲ့ အောင်ချမ်းသာအစပ်ကြား တပင်ရွှေထီးလမ်းမရှိ အများပြည်သူဆိုင်ကယ်တွေကို မတရားစစ်ဆေးနေတဲ့ နေရာအနီးတို့မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ -၂၀၂၁ခုနှစ်က ပုံဟောင်း
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW