ဇူလိူင် ၅ – ၂၀၂၃
KK + GG( VOM)
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ၊ ဟိုစိမ့်မြန်မာ Hosheng Myanmar အထည်ချုပ်စက်ရုံက ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၅ ယောက်နဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ၃ ယောက်ကို ပုဒ်မ ၂ ခုနဲ့ တရားစွဲဖို့ စီစဥ်နေတယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ – က ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) နဲ့ တရားစွဲဖို့ သက်ဆိုင်ရာ ရဲစခန်းဘက်က အသိပေးလာတာဖြစ်တယ်လို့ သိရပါတယ်။
” ဟုတ်တယ် ၊ ပုဒ်မ ၂ ခုနဲ့တရားစွဲဖို့လုပ်နေတယ်လို့သိရတယ်။ ဖမ်းခံရတဲ့အထဲမှာ တစ်ယောက်က ခန်းမငှားပေးတဲ့သူပါ။လုပ်ခလစာ တိုးတောင်းတာကနေ အဖမ်းခံရပြီး အခုလိုထိဖြစ်သွားတာပါ။ အလုပ်သမားတွေ စက်ရုံမှာ ဘာတွေ ဆက်ဖြစ်ခဲ့လဲဆိုတာတော့ မသိရသေးဘူး။ရုံးထုတ် မစစ်ဆေးသေးဘူး။ အခုချိန်မှာ ဘာမှသိပ်ပြောလို့မရသေးဘူး။သူတို့က ၁၇ (၁)နဲ့စွဲထားတာဆိုတော့လေ၊ ကိုယ့်ကြောင့် အထဲက လူတွေ ဘာမှထပ်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး။ “လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။
ဟိုစိမ့် မြန်မာ အထည်ချုပ်စက်ရုံက အဖမ်းခံရတဲ့ အလုပ်သမားတွေကတော့ ကိုအောင်အောင်၊ မသူသူစံ၊ မသန္တာအေး၊ မအေးသန္တာဌေး၊ မမေသူမင်းတို့ဖြစ်ပြီး အလုပ်သမားအရေးဆောင်ရွက်ပေးလို့ ဖမ်းခံရသူတွေကတော့ Action Labor Rightsအဖွဲ့ဝင် မသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်းနဲ့ ခန်းမငှားရမ်းပေးခဲ့တဲ့ ကိုဟိန်းမင်းဇော်တို့ဖြစ်တယ်လို့ သိရပါတယ်။
ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ ဇွန်လ ၁၂ နေ့က အခြေခံလုပ်ခလစာကို ၄၈၀၀ ကျပ်ကနေ ၅၆၀၀ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ကြောင်း၊အဲဒီ့နောက်မှာ ဆူပူအောင် ဆန္ဒပြဖို့ဦးဆောင်တယ်ဆိုပြီး ဖမ်းခံရသူ အလုပ်သမား ၅ ယောက်အပါအဝင် ၇ ယောက်ကို ဇွန်လ ၁၀ ရက်နေ့မှာ အလုပ်ကထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာ အလုပ်သမားအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေက စက်ရုံကို သွားရောက်ညှိနှိုင်းပေးခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့ ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးမှာ တာဝန်ရှိသူတွေနဲ့ ထပ်မံညှိနှိုင်းခဲ့ပြီး နောက်မှာ ၈ ယောက်လုံး အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံ အလုပ်သမားအရေးဆောင်ရွက်သူတွေဟာ အလုပ်သမား ၂၀ ကို စည်းရုံးသိမ်းသွင်းပြီး ဆူပူဆန္ဒပြမှုများဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့ခြင်းကြောင့် ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံမှ အလုပ်သမား အချို့က လုပ်ငန်းခွင်ဝင်ရောက်ခြင်းမပြုဘဲ စက်ရုံရှေ့မှာ စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အားလုံးကို ဖမ်းဆီးကာ တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး လုပ်နေတယ်လို့ နစက ဘက်က ဇွန်လ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အလားတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား နှစ်ယောက်ဖြစ်တဲ့ မသီတာဝင်း နဲ့ ကိုလှိုင်ဝင်းထက်ကိုလည်း လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြတာ ၊ဆူပူလှုံ့ဆော်အောင်လုပ်တာကြောင့် ဖမ်းဆီးထားတယ်လို့ နစကက အသိပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးကလည်း ဖမ်းဆီးခံထားရတဲ့ ဟိုစိမ့်မြန်မာ (Hosheng Myanmar) အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဇွန်လ ၂၀ ရက်နေ့မှာ တောင်းဆိုထားပါတယ်။
လက်ရှိ ရန်ကုန်က အထည်ချုပ်စက်ရုံအချို့မှာ လုပ်ခလစာတိုးတောင်းတာကြောင့် အလုပ်ရှင်အလုပ်သမားကြား အဆင်မပြေမှုတွေဖြစ်နေသလို အလုပ်ရှင်၊အလုပ်သမာကြား ပြဿနာတွေဖြစ်ပွားနေတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကပြောပါတယ်။
နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီး နောက်ပိုင Action Labour Right အဖွဲ့အပါအဝင် အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့အဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေညာထားထားတယ်လို့လည်း သိရ ပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်