ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့ အစိုးရစွမ်းဆောင်ရည်ဌာနကို ဦးဆောင်နေတဲ့ အီလွန်မတ်က ပြောပါတယ်။
တက်စ်လာနဲ့ စပေ့အိတ်စ် ကုမ္ပဏီတွေရဲ့ စီအီးအိုဖြစ်သူ အီလွန်မတ်ဟာ အမေရိကန်အစိုးရရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချရေးအဖွဲ့ကို ဦးဆောင်ဖို့ ဒေါ်နယ်ထရန့်က တာဝန်ပေးထားတာဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတလောင်းဟောင်း Vivek Ramaswamy ၊ အထက်လွှတ်တော်အမတ် Joni Ernst တို့ပါဝင်တဲ့ စကားဝိုင်းတခုမှာ အီလွန်မတ်က အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီကို ပိတ်ပစ်ဖို့ လု်ပဆောင်နေတယ်လို့ ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။
ဒီဌာနကို ပြုပြင်ပြောင်းလဲဖို့ထက် ကျော်လွန်နေပြီး ပိတ်ပစ်သင့်တယ်ဆိုတာ သမ္မတထရန့်က သဘောတူကြောင်း အီလွန်မတ်က ဆိုပါတယ်။ သူ့ဌာနက ကိုယ်စားလှယ်တွေကို USAID ရဲ့ အဆောက်အအုံကန့်သတ်နေရာတွေကို ဝင်ရောက်ခွင့် တားဆီးပြီးနောက် လုံခြုံရေးတာဝန်ရှိသူနှစ်ယောက် ဖယ်ရှားခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
မနေ့ကစပြီး USAID ဝန်ထမ်းတွေကို အိမ်မှာပဲနေခိုင်းပြီး သူ့ရဲ့ဝက်ဘ်ဆိုက်လည်း အလုပ်မလုပ်တော့ပါဘူး။ ဒီဌာနကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက် ပို့ဖို့စီစဉ်နေတယ်လို့လည်း လွှတ်တော်အမတ်အချို့က ပြောပါတယ်။
USAID ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးအလှူရှင်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ပဋိပက္ခဇုန်တွေရှိ အမျိုးသမီးတွေရဲ့ ကျန်းမာရေးမှ သန့်ရှင်းသောရေရရှိဖို့အပါအဝင် အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ စွမ်းအင်၊ လုံခြုံရေးနဲ့ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးတို့အတွက် ကမ္ဘာတဝန်းမှာ ဒေါ်လာ ၇၂ ဘီလီယံ ထောက်ပံ့ခဲ့ပါတယ်။
ဒါအပြင် ၂၀၂၄ ခုနှစ်အတွင်းကလည်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအားလုံးရဲ့ ၄၂ ရာခိုင်နှုန်း ထောက်ပံ့ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ သမ္မတဒေါ်နယ်ထရန့်ဟာ နိုင်ငံတကာ အကူအညီပေးတာတွေ အားလုံးကို ရက် ၉၀ ဆိုင်းငံ့ထားပြီး ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်နေပါတယ်။
Ref:CNA
Photo:Getty Images