ဖေဖော်ဝါရီ ၄ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက် ၈ မိုင်နီးပါးက တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်နေပြီး လူထိခိုက်၊ သေဆုံးမှုတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ နစကတပ်ကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက်အစောပိုင်း ၅ နာရီဝန်းကျင်ကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
“နစကဘက်က လက်နက်ကြီးရော၊ လေကြောင်းပစ်ကူတွေရော အဆက်မပြတ် အသုံးပြုနေတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကရော၊ ၂ ရက်နေ့ကရော လေကြောင်း တိုက်ခိုက်မှုတွေ ရှိတယ်။ လူထိခိုက်၊ သေဆုံးမှုတွေ၊ နေအိမ် ပျက်စီးတာတွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်အထိ ငါးယောက် သေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူ ခုနစ်ယောက်ထက်မနည်းရှိပြီး နေအိမ် အလုံး ၃၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
တလုပ်မြို့ကျေးရွာဟာ မြင်းခြံ – ဆီမီးခုံ ကားလမ်းပေါ်မှာတည်ရှိပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးဖြစ်ကာ လူဦးရေ ၈၀၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲကြောင့် ဒေသခံတွေအားလုံး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာကြောင့် စားသောက်နေထိုင်ရေးအတွက် အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မန္တလေးတိုင်းအတွင်းက တောင်သာမြို့နယ်မှာလည်း စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်လျက်ရှိတာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်ကလည်း တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှာ လေထီးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ နစက သတင်းရင်းမြစ်တွေရဲ့ အသိပေး ရေးသားချက်မှာတော့ တပ်မတော်မှ တောင်သာ PDF တွေ စခန်းချရာနေရာကို လေထီးတပ် နဲ့ ဗုံးကြဲ ရှင်းလင်းခဲ့တာမှာ PDF ၃၆ ယောက်ခန့် သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေလည်း များစွာ ရှိခဲ့တယ်လို့ ဖော်ပြထားပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နစကဘက်က လက်ရှိအချိန်အထိ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo:CJ