မိန်းမလှကျွန်းအနီးနဲ့ ဘိုကလေးမြို့ပေါ် လူပြတ်တဲ့လမ်းတွေမှာ ဓားထောက်သေနတ်ပြလုယက် နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

ဇူလိုင် ၅-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်က မိန်းမလှကျွန်းဘေးမဲ့တောအနီးနဲ့ ဘိုကလေးမြို့ပေါ်တက်တဲ့ လူပြတ်တဲ့လမ်းတွေမှာ လူပြတ်တာကို အခွင့်ကောင်းယူပြီး ဓားထောက် ၊ သေနတ်ပြ ရိုက်နက် လုယက်တာတွေ ခပ်စိပ့်စိပ့်ဖြစ်လာလို့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”လုယက်သူတွေက လူပြတ် လူရှင်းတာကို အခွင့်ကောင်း ယူလုပ်နေတာ၊ အုပ်စုဖွဲ့ လုယက်နေတာ၊ လမ်းသွားလမ်းလာတွေဆီကနေ တန်ဖိုးကြီးပစ္စည်းတွေကို အသက်အန္တရာယ်ခြိမ်းခြောက်ပြီး လုယက်နေတာ ၊ ပြီးခဲ့တဲ့ ဇွန်လ၂၂ ရက်က မြို့ပေါ်တက်လာတဲ့ စပါးကုန်သည်ကို အသင့်စောင့်နေတဲ့လူ ၅ ဦးဓားထောက် လုယက်ခံရတာ ၊ ငွေသိန်း ၂၀ လောက်နဲ့ လက်စွပ် ပေးလိုက်ရတယ် ၊ ၂၇ ရက်ကလည်း ဧရာကျေးရွာအနီးမှာ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးကို လုယက်တာ ခံရသေးတယ်တဲ့ ဘာတွေ ပါသွားလည်း မသိလိုက်ဖူး ၊ ၂၉ ရက်ကလည်း သာပေါင်းကျေးရွာ အနီးမှာ မြို့ပေါ် စပါးတက်ရောင်းတဲ့ လယ်သမား တစ်ဦး လုယက်ခံရပြီး ဆွဲကြိုးနဲ့ ဖုန်းပါသွားသေးတယ်၊ အခုလ ၁ ရက်နေ့ ကလည်း မိန်းမလှကျွန်းအနီး မင်္ဂလာရေကျော် ကျေးရွာကို လာတဲ့လမ်းမှာ စက်လှေတစ်စီး သေနတ်ပြ ရိုက်နှက် ခြိမ်းခြောက်တာခံရပြီး ငွေ ၇သိန်းနဲ့ လက်ကိုင်ဖုန်း တစ်လုံး ကိုပါလုယက်သွားတယ်တဲ့ ၊ နေ့ဘက်တွေ လုယက်သူတွေက အတင့်ရဲလာပြီ ၊ အခုဖြစ်စဉ်တွေက နေ့ဘက်တွေမှာ အဖြစ်တာ ၊ အခုလ ၃ ရက်က သမာစိတ္တကျေးရွာ အနီးမှာ ဆိုင်ကယ်နဲ့ ဈေးရောင်းတဲ့ ဈေးတစ်ဦးလုယက် ဓားပြအတိုက်ခံရသေးတယ်။”လို့ ဒေသခံလူမှုကူညီရေး အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လုယက်တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ကိုယ်တွေ့ကြုံရသူ တစ်ဦးက” အခုက ကျွန်မတို့မြို့မှာ ဘယ်အချိန်မဆို အပြင်မထွက်ရဲသလောက် ဖြစ်နေတယ် ၊ မနေ့က ကျွန်မညီမ ဆရာမလေးက အလုပ်ကိစ္စတစ်ခုနဲ့အပြင်သွားတာ ၊ အနောက်ကနေ နောက်ယောင်ခံ လိုက်လုတဲ့အဖွဲ့က လိုက်လာတာ ၊ လက်ထဲမှာ ကိုင်လာတဲ့ ဖုန်းကို အတင်းဝင်လုသွားတာ ၊ အော်ရင် သတ်ပစ်မယ် ဆိုလို့ မအော်ရဲဘူး ၊ အဲ့ဒီအချိန်က လမ်းမှာ လူ တစ်ယောက်မှလည်းမရှိဘူး ၊ ဒုစရိုက်သမားတွေက ပေါ်ပေါ်တင်တင်ပုံစံနဲ့ တော်တော်လေး အတင့်ရဲလာတာ ၊ သက်ဆိုင်ရာကလည်း ဒုစရိုက်သမားတွေ ဖမ်းမမိဘဲ နိုင်ငံရေးလုပ်တဲ့သူတွေပဲ ဖမ်းနေတော့ သူတို့အတွက် အခွင့်အရေးတစ်ခုပဲ၊ တိုင်ရင်လည်း အသတ်ခံရမှာ ၊ လူတိုင်း မိုက်ကုန်ပြီ ။ ဥပဒေမဲ့ လုပ်ကုန်ပြီ။”လို့ သူကပြောပါတယ်။

ဘိုကလေးမြို့နယ် ထော်ပိုင်ဘက်က ဒေသခံတစ်ဦးက” ဇွန်လ ၁၄ ရက်နေ့ကလည်း ဆန်ကုန်သည်တစ်ဦးက ထော်ပိုင်ဘက်ကလို့ သိရတယ်၊ သူ့ရဲ့အသက်က သိပ်မကြီးသေးပါဘူး ၊တော်တော်ရိုက်နှက်ခံရပြီး လုယက်ခံရတာ ၊လုယက်သူတွေကတော့ ဘယ်ကလည်း မသိဘူး ၊ ဒီဘက်ကတော့မဟုတ်လောက်ဖူး၊ စက်လှေပေါ်ပါလာတဲ့ ဆန်အိတ်တွေ လုယက်သွားတာ ၊ ၈ ယောက်လောက်ပါတဲ့အဖွဲ့က လုယက်တာပါတဲ့ ၊ မျက်နှာဖုံးတွေ စွပ်ထားတာတဲ့ ၊ တစ်ခါမှ ဒါမျိုး ဒီဘက်မှာ မဖြစ်ဖူးပါဘူး ၊ ဒီလို ပုံစံအတိုင်းဆို ဘယ်မှ မလုံခြုံတော့ဘူး။”လို့ သူကပြောပါတယ်။

အခုလို လူပြတ်တဲ့ နေရာတွေမှာ ဓါးထောက်၊ သေနတ်ပြပြီး လယ်သမားတွေ ၊ ကုန်သည်တွေ ၊ ဝန်ထမ်းတွေကို ပစ်မှတ်ထား လုယက်တဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတာဟာ စီးပွားရေးတွေကျပ်လာပြီး အလုပ်အကိုင်တွေမရှိ ဖြစ်လာတာကြောင့်လို့ ယူဆနေပြီး ရေရှည်မှာ အသက်အန္တရာယ်ဖြစ်တဲ့အထိ တိုက်ခိုက်လုယက်တဲ့ လုပ်ရပ်တွေ လုပ်လာနိုင်တယ်လို့ သုံးသပ်နေကြသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာ ၂ ရက်ကလည်း ဘိုကလေးမြို့နယ် ၊ ဘိုကလေး မြစ်ကူး တံတားပေါ်မှာ တာဝန်နဲ့ အပြင်ထွက်လာတဲ့ သစ်တောဝန်ထမ်းတစ်ဦး ဓားထောက် လုယက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အသက် မသေပေမယ့် သူစီးလာတဲ့ ဆိုင်ကယ်၊ ပိုက်ဆံ အချို့နဲ့ ဖုန်းကိုလုယက်သူတွေကယူဆောင်သွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ သတင်းမှတ် တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလထဲမှာလည်း မော်လမြိုင်ကျွန်းကနေ ဘိုကလေးကို ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသားတစ်ဦးကို အမည်မသိ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၃ ဦးက ဓားထောက်ကာ ဖုန်းနဲ့ဆိုင်ကယ် ပိုက်ဆံ ၃ သိန်းလုယက်သွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး #လုယက်မှု #ဒေသခံအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW