အဆိုတော်လီလီနိုင်ကျော်ကိစ္စနဲ့ ဖမ်းဆီးခံရသူနှစ်ဦး သက်သေခံပစ္စည်းလိုက်ပြချိန် သေဆုံးခဲ့တယ်လို့ သိရ

ဇူလိုင် ၈ – ၂၀၂၃
SN (VOM)

အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံမှုနဲ့ ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးဖြစ်တဲ့ ကောင်းဇာနည်ဟိန်း (ခ)လပြည့် (၂၃ နှစ်) နဲ့ ကျော်သူရ (ခ) အီးတီ (၃၀ နှစ်)တို့ဟာ သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ မနေ့ ဇူလိုင် ၇ ရက်၊ ည ၁၁ နာရီဝန်းကျင်က သက်သေခံပစ္စည်းတွေ လိုက်ပြခိုင်းစဉ်မှာ လုံခြုံရေးတပ်ဖွဲ့ကို တွန်းထိုးတိုက်ခိုက်ပြီး ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့နှစ်ယောက်က (၂၉) ရပ်ကွက်၊ မောင်းမကန်လမ်းအနီးက ရေမြောင်းထဲမှာ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဝှက်ထားတယ်လို့ ဝန်ခံထွက်ဆိုခဲ့တာကြောင့် အဲ့ဒီ့နေရာကို သူတို့နဲ့အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီ့နေရာအရောက်မှာပဲ သူတို့နှစ်ယောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တွန်းထိုးတိုက်ခိုက် ထွက်ပြေးပြီး ရပ်တန့်မှုမရှိတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတာလို့ သိရပါတယ်”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ကောင်းဇာနည်ဟိန်း (ခ) လပြည့်မှာ ဝဲဘက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ခါးနောက်ပိုင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဇတ်ပိုး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ ကျော်သူရ (ခ) အီးတီမှာ ဝဲဘက်ဇာတ်ပိုး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဆီးခုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ အသီးသီး ရရှိပြီး အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သက်သေခံပစ္စည်း သွားရောက်ရှာဖွေတဲ့နေရာမှာတော့ FGC 9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၉ တောင့်၊ တရုတ်လက်ပစ်ဗုံး ၂ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူ ၂ ဦးကို ရဲဆေးစာနဲ့အတူ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုတော် လီလီနိုင်ကျော်ကိစ္စနဲ့ ဖမ်းဆီးခံထားရသူတို့နှစ်ဦးကို ရန်ကုန်မြို့၊ လှည်းတန်းရှိ အဆောင်တစ်ခုကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးချက်အရ ငွေကြေးပေးပြီး လုပ်ကြံသတ်ဖြတ်ခိုင်းတာလို့ ပြီးခဲ့တဲ့ ဇွန် ၅ ရက်၊ ညပိုင်းက နိုင်ငံပိုင် မီဒီယာတွေကတဆင့် သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ့လို သတင်းထုတ်ပြန်ပြီးနောက် ဇွန် ၆ ရက်နေ့၊ ညနေပိုင်းမှာ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာမှာ မိဘမေတ္တာအမည်နဲ့ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကမူကြိုကျောင်း နေအိမ်က အသက် ၄၂ နှစ်အရွယ် မူကြိုဆရာမ တစ်ဦးနဲ့ အသက် ၂၄ နှစ်အရွယ် မူကြိုအကူဆရာမတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာမှာပဲ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ့ နေအိမ်ကို အမည်မသိ လူ ၄ ဦး ရောက်ရှိလာကာ သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပြီး အဲ့ဒီ့ ဖြစ်စဉ်မှ သေဆုံးသူ ဆရာမနှစ်ဦးဟာ ဖမ်းဆီးခံထားရသူ ကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အမဝမ်းကွဲ တော်စပ်သူတွေ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #လီလီနိုင်ကျော် #ဖမ်းခံရသူနှစ်ဦးသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW