ဇူလိုင် ၁၂ – ၂၀၂၃
GG (VOM)
စနစ်ဟောင်း ၉ တန်း အောင်မြင်ထားပြီး ၁၀ တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့တဲ့ ကျောင်းသားတွေနဲ့ ၁၀ တန်း ကျထားတဲ့ ကျောင်းသားတွေကို အခုနှစ် စနစ်သစ် Grade 12 စာမေးပွဲကို ပြင်ပဖြေပုံစံနဲ့ ဝင်ရောက်ဖြေဆိုခွင့်ပြုမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကအသိပေးထားပါတယ်။
ဒါပေမယ့် စနစ်ဟောင်းစာမေးပွဲကို မအောင်မြင်ခဲ့တဲ့ ကျောင်းသားတွေအပါအဝင် စနစ်သစ်သင်ရိုးနဲ့အကျွမ်းတဝင်မရှိတာကြောင့် စနစ်သစ် Grade 12 သင်ရိုးသစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြင်ပကနေ လေ့လာသင်ယူပြီး ဝင်ရောက်ဖြေဆိုဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
” ဖြေဆိုခွင့်ပြုတယ်ဆိုတာက အပြင်ဖြေပုံစံပေါ့။ကျောင်းတက်ပြီး သင်ယူဖြေခွင့်မဟုတ်တော့ ပြန်ဖြေချင်တဲ့ကျောင်းသားဆိုရင်တောင် အခက်အခဲတွေရှိနေတာပေါ့။ ကိုယ်ပိုင်ကျောင်းတက်နိုင်ရင်လည်းတမျိုးပေါ့။အဲ့ဒီလိုမှ မဟုတ်ရင် စာတွေကလည်း မတူတာတွေများတယ်၊သင်ပုံသင်နည်းလည်းကွာသွားတော့ ကလေးတွေအဆင်ပြေဖို့ခက်မယ်၊တော်တော်ကို ကြိုးစားသင်ယူရမှာပါ၊ တက်မယ့်ကလေးတွေ သေချာကြိုးစားသင်ယူဖို့ ပြောချင်ပါတယ်၊ကြိုးစားရင် တကယ်ဖြစ်ပါတယ် ၊အားမလျှော့ကြပါနဲ့ “လို့ တက္ကသိုလ်ဝင်တန်းတွေကိုသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးကပြောပါတယ်။
၂၀၂၃ တက္ကသိုလ်ဝင်တန်း သင်ရိုးဟောင်းစနစ်စာမေးပွဲမှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စာမေးပွဲဖြေဆိုဖို့ လျှောက်လွှာတင်ခဲ့သူပေါင်း ၁ သိန်း ၈ သောင်း ကျော် ရှိခဲ့ပြီး ၊ ဝင်ရောက်ဖြေဆိုသူဦးရေက ၁၆၁၈၅၀ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဖော်ပြချက်အရ သိရပါတယ်။
အဲ့ဒီအထဲကမှ စာမေးပွဲအောင်မြင်သူ ၁၀၉၈၅၁ ယောက်ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၇.၈၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မနှစ်က စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်မဖြေဆိုခဲ့သူနဲ့ ကျရှုံးခဲ့တဲ့ ကျောင်းသားဦးရေ ၇၀၀၀၀ ကျော်ရှိခဲ့ပါတယ်။
” ကျနော်က စနစ်ဟောင်းမှာ ကျတာပေါ့။အခုအပြင်ဖြေရတယ်ဆိုလို့ ပြန်တက်ဖို့လုပ်နေတာပါ။ စာတွေကတော့ နောက်ကျနေပြီပေါ့။ အရင်က ဘိုင်အိုယူခဲ့တာ ၊အခု အီကိုပြောင်းဖို့လုပ်နေတာ ရမရက မသိဘူး။ပြောင်းမရဘူးလည်း ကြားတယ် ၊စုံစမ်းနေတုန်းပဲ ၊ အကုန်လုံးက စနစ်အသစ်တွေဆိုတော့ တော်တော်ကြိုးစားလုပ်ရမှပါ။အိမ်ကလည်းဖြေစေချင်တာရော၊ကျနော်လည်း တကြိမ်လောက်ထပ်ဖြေကြည့်ချင်တာကြောင့် ဖြေဖြစ်မှာပါ “လို့ စနစ်သစ် စာမေးပွဲ ဖြေဖို့ လုပ်နေသူ ဆယ်တန်းကျောင်းသားတစ်ဦးကပြောပါတယ်။
အခုနှစ်၂၀၂၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စနစ်သစ် Grade 12 စနစ် သင်ရိုးညွှန်းတမ်း နဲ့ ကျင်းပမှာဖြစ်တာကြောင့် ကျောင်းသားတွေအတွက်တော့ စိန်ခေါ်မှုအသစ်တစ်ရပ်ဖြစ်နေတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ပညာရေးကဏ္ဍ