လိုင်ဇာအနီး လဂျားယန်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့

ဇူလိုင် ၁၄၊ ၂၀၂၃
Shy V(VOM)

ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက လဂျားယန်တံတားမှာ ဒီနေ့ ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းက တပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လဂျားယန် တံတားမှာ ချနေကြပြီ။ တံတားမှာကို ဟုတ်တယ်၊ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်ခန့်ကလည်း စစ်ကား ၁၀ စီးခန့် ဝိုင်းမော်မြို့ကနေ နမ်ဆန်ယန်ဘက်ကို ဦးတည်မောင်းနှင်သွားတယ်၊ “လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီ ဝန်းကျင်ခန့်ကစတင်ကာ လိုင်ဇာအနီးနဲ့ မဒီးယန်အနီးမှာလည်း တိုက်ပွဲ ပြင်းထန်ခဲ့သလို ဂါးရာယန်ဘက်မှာလည်း မနက် ၆ နာရီခွဲခန့်က တပ်နဲ့ ကေအိုင်အေတို့ ဂျာပူရွာနဲ့ မလိယန်ရွာကြားမှာ ထိပ်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာနဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

“နမ်ဆန်ယန်ဝန်းကျင်မှာ နှစ်ဖက် စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေတယ်”လို့ သူက ပြောပါတယ်။

လတ်တလော မြစ်ကြီးနားလမ်းဘက်နဲ့ ဗန်းမော်လမ်းဘက်မှာပါ ထိတွေ့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေတယ်လို့ တိုက်ပွဲဖြစ်ပွားရာ အနီးနားမှာနေထိုင်သူ ဒေသခံ အမျိုး သား ၁ ဦး က ပြောပါတယ်။

“ခါ့လား၊ ဒုန်ခုံး၊ အင်မောက်ယန်၊ အင်မောက်ယန်က တခြားဘက် လုံးဝ ထွက်လို့မရဘူး။ တပ်က ပတ်ပတ်လည်မှာရှိတယ်လေ။ ဟိုဘက် နမ်ဆန်ယန်က လူတွေပဲ ပြန်ထွက်ပြေးတယ်လေ။” လို့ သူက ရှင်းပြပါတယ်။

ဗန်းမော်လမ်းဘက်က ဒေါ့ဖုန်းယန်ကနေ ခါ့လား၊ ဒိန်ဂါ၊ ဒုန်ခုံး အဲ့ဒီနေရာတွေက ကပ်လျက် ဒေသတွေဖြစ်ကြပြီး အဲဒီဘက်မှာလည်း လက်ရှိ မှာ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေတာလို့ သူက ဆက်ပြောပါတယ်။

လိုင်ဇာအနီး နမ်ဆန်ယန်မှာ ဇူလိုင် ၃ ရက်နေ့ကစ တပ်နဲ့ ကေအိုင်အေတို့အကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာဖြစ်ပြီး ဒီနေ့ ဇူလိုင် ၁၄ ရက်နေ့အထိ ၁၁ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက် ညပိုင်းကလည်း တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လိုင်ဇာ #တိုက်ပွဲသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW