ဆိုးလ်၊ ဇူလိုင်-၁၅-၂၀၂၃
မျိုးဆက်(VOM)
အာရှဒေသတ၀န်းမှာ ဆိုးရွားတဲ့ မုတ်သုံရာသီဥတုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး ယခုလအတွင်း သေဆုံးသူ ၁၀၀ ကျော်ထိရှိလာကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အိန္ဒိယ၊ တရုတ်၊ ဂျပန်အပါအ၀င် အာရှနိုင်ငံအများအပြားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံနဲ့မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ဇူလိုင် ၁၄ ရက်ကလည်း တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့မှာ မုန်တိုင်း၀င်ရောက်တိုက်ခတ်မှုကြောင့် တာ၀န်ရှိသူတွေက သတိပေးချက်ထုတ်ပြန်ထားပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း အပူပိုင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံ ကျူရှူးကျွန်းမှာ ယခုသီတင်းပတ်အစောပိုင်းက စံချိန်တင်ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံနိုင်ငံရေးသမားတဦးအပါအ၀င် လူရှစ်ဦးထက်မနည်းသေဆုံးသွားပြီး တရုတ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့မှာလည်း လူသေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတ၀န်းမှာ ရေလွှမ်းမိုးမှုအန္တရာယ်မြင့်တက်စေကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပြီး နိုင်ငံအများအပြားဟာ ပြင်းထန်တဲ့ရာသီဥတုဆိုင်ရာ အန္တရာယ်တွေလျော့ပါးစေဖို့ ရုန်းကန်နေကြရပါတယ်။
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ်