ဇူလိုင်၂၄ -၂၀၂၃
GG (VOM)
ပိုက်ဆံ ၂၀၀၀၀ တန် အသစ်ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် မနေ့ ဇူလိုင် ၂၃ရက် တစ်ရက်တာမှာ ရွှေ၊ ဒေါ်လာ အပါအဝင် ငွေလွှဲလုပ်ငန်း အရောင်းအဝယ် စျေးကွက်ဟာ အရောင်းအဝယ် ရပ်လိုက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ အဲ့ဒီလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
ဒီနေ့ ဇူလိုင် ၂၄ ရက်မှာတော့ အရောင်းအဝယ် စျေးကွက်ပြန်ဖွင့်ကာ လုပ်ဆောင်နေကြတယ်လို့ လည်း သိရပါတယ်။
ပြည်တွင်းရွှေစျေးက အခေါက်ရွှေကို တစ်ကျပ်သား ၃၃ သိန်း ကနေ ၃၄ သိန်းအထိ စျေးကွက် ဖြစ်နေပြီး ၁၅ ပဲရည်ရွှေစျေးက သိန်း ၃၀ ကနေ ၃၂ သိန်းလောက်အထိ စျေးကွက် ဖွင့်ထားကြတယ်လို့ သိရပါတယ်။
ဒေါ်လာစျေးကတော့ တစ်ဒေါ်လာကို ၃၃၀၀ ကျပ်ကနေ ၃၆၀၀ အထက်အထိ အရောင်းအဝယ် စျေးတန်းဖွင့်ထားပြီး ထိုင်းဘတ်က တစ်ဘတ်ကို မြန်မာငွေ ၉၀ ကျပ်အထက် ရှိကာ ၊ စင်ကာပူငွေကြေးက ၂၄၆၀ အထက်မှာ စျေးတန်းအမြင့် စဖွင့်ထားကြတယ်လို့ သိရပါတယ်။
” ကမ္ဘာ့စျေးက ၁၉၆၀ ပဲရှိတယ်။ ပြည်တွင်းရွှေစျေးကတော့ ၃၄ သိန်းအထိ စျေးကွက်ဖွင့်နေကြတယ်။ဒေါ်လာလည်း အဲ့ဒီလိုပဲ စဖွင့်တာ ၃၃၀၀ ၊အဲ့ဒီကနေပြီး ၃၆၃၀ အထိစျေးခေါ်ကြတယ်။ ကြိုက်ရင်ဝယ် မကြိုက်ရင် ထပ်ရှာ အဲ့ဒီသဘောတော့ဖြစ်နေတာပေါ့။ အခုက အရောင်းအဝယ်ကို သတိထားလုပ်နေရတာပေါ့။မျက်နာချင်းဆိုင်ပဲ ဝယ်ရောင်းလုပ်တယ်။ဘဏ်ဘာညာ အခုက မလုပ်ဘူး “လို့ ဒေါ်လာဝယ်/ရောင်းလုပ်နေသူတစ်ဦးကပြောပါတယ်။
လက်ရှိ ပြည်တွင်း ရွှေဆိုင်အများစုကတော့ အခေါက်ရွှေ ၁၆ ပဲရည်အပြည့်ကို အရောင်းအဝယ် ရပ်ထားတဲ့ဆိုင်ရှိသလို ငွေစျေးအပေါ်လိုက်ပြီး စျေးတန်းဖွင့်တာမျိုးရှိပေမယ့် အရောင်းအဝယ် မလုပ်သေးတဲ့အခြေအနေတွေလည်းရှိနေတာကို ရွှေဆိုင်တွေဆီက သိရပါတယ်။
” ဒီနေ့ စျေးတန်းဖွင့်ထားပါတယ် ၁၅ ပဲရည်တစ်ခုတည်း သိန်း ၃၀ ဝန်းကျင် ပါ။စျေးကတော့ ပုံသေမရှိပါဘူး။ဆိုင်လာဝယ်ချိန် အရောင်းအဝယ် ဖြစ်မယ့်စျေးက အတည်ပါ။ ၁၆ ပဲရည်က ရပ်ထားပါတယ်။အရောင်းရော အဝယ်ရောပါ “လို့ ရွှေအရောင်းဆိုင်ဝန်ထမ်းတစ်ဦးကပြောပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ကတော့ ၂၀၀၀၀ ကျပ်တန်ထုတ်ဝေမယ့် သတင်းနဲ့ပတ်သက်ပြီး ရွှေစျေးကစားတာတွေမလုပ်ဖို့၊ ကုန်စျေးနူန်းတွေ မတည်ငြိမ်အောင်လုပ်တာ ၊ ရွှေစျေးနူန်းမတည်ငြိမ်အောင် ရောင်းဝယ်တာတွေမလုပ်ဖို့ ရွှေဆိုင်တွေကို ဒီနေ့မှာ ထုတ်ပြန် အသိပေးထားပါတယ်။
” ၂၀၀၀၀ တန်ထုတ်မှာနဲ့ပတ်သက်လို့ ဗဟိုဘဏ်ကလည်း အသိပေးထားတာပဲ ၊ အဲ့ဒါကို ကောလဟာလတွေဖြန့်ပြီး စျေးကစားတာ၊ကုန်စျေးနူန်းတွေတက်အောင် မလုပ်ကြဖို့ပြောချင်ပါတယ်။ ၂၀၀၀၀ တန်ထုတ်တာနဲ့ဘာမှမဆိုင်ပါဘူး။ ရွေစျေးဒီနေ့ဖွင့်ပါတယ်။အရောင်းအဝယ်ပုံမှန်ပါပဲ “လို့ YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။
YGEA က ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ရွှေစျေးက ၁၉၆၀ သာရှိပြီး အကယ်ဒမီ မီးလင်းရွှေစျေး အခြေခံ ရည်ညွှန်းစျေးက တစ်ကျပ်သားကို ၂၃၀၉၁၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။
၂၀၀၀၀ ကျပ်တန်ကို အခု ဇူလိုင်လ ၃၁ ရက်မှာ စတင်ထုတ်ဝေမှာဖြစ်ကြောင်း မနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဗဟိုဘဏ်က တရားဝင်ကြေညာခဲ့တာဖြစ်ပြီး ၊အဲ့ဒီကြေညာချက်နဲ့အတူ အိမ်၊ခြံ၊မြေ၊ ငွေလဲနူန်း၊ ရွှေ အပါအဝင် အရောင်းအဝယ်လုပ်ကိုင်သူအချို့ကလည်း ယာယီလုပ်ငန်းရပ်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ရွှေ #ဒေါ်လာ #ငွေလဲလုပ်ငန်းအခြေအနေ