ဆူးငှက်
ငယ်စဉ်က ကျွန်တော်မွေးဖွားကြီးပြင်းရာ ရပ်ကွက်လေးမှာ တီးဝိုင်းလေး တစ်ဝိုင်းရှိသည်။ ထိုတီးဝိုင်းလေးက တစ်နှစ်လျှင် ၂ပွဲကတော့ သေချာပေါက်ရှိသည်။မေဃဝတီတောင်သမန်တိုက်က သဖန်းကျောင်း ဝါဆိုပန်းကပ်ပွဲနှင့် ဝါခေါင်လကွယ်နေ့ ရတနာ့ဂူပွဲများဖြစ်သည်။ အနောက်ပြင် ကျောက်ဆစ်တန်းရပ်မှာ မေဃဝတီတောင်သမန်တိုက် ဟူသော ဘုန်းကြီးကျောင်းတိုက်ကြီးရှိသည်။ မန္တလေးမတည်မီ ပုဂံမင်းလက်ထက် ကတည်းက တည်ထားကိုးကွယ်သော အိမ်တော်ရာဘုရား အနီးတွင် ထိုစဉ်ကတည်းက မဟာဝေယံဘုံကျော်ဘွဲ့ခံ မိုးကောင်းကျောက်တိုက်ကြီးကိုပါ ပုဂံမင်း၏ မိဖုရားတစ်ပါးဖြစ်သော မိုးကောင်းမြို့စား မိဖုရားက တည်ထားခဲ့သည်။ မင်းတုန်းမင်းကြီးက မန္တလေးရတနာပုံ တည်သောအခါ ရွှေမြို့တော်ဟောင်း အမရပူရရှိ ဘုန်းကြီးကျောင်းအချို့ကိုလည်း မိမိတို့ဆန္ဒရှိလျှင် ရွှေ့ပြောင်းစေခဲ့သည်။ ထိုအခါ အမရပူရမြို့ဟောင်း တောင်သမန်အင်း အရှေ့ခြမ်းရှိ မေဃဝတီ တောင်သမန်ကျောင်းတိုက်ကြီးလည်း ရွှေ့ပြောင်းခဲ့ရာ မူလရှိပြီး မိုးကောင်းကျောင်းတိုက်၏အနီး ယခုနေရာသို့ တည်ထားခဲ့ခြင်းဖြစ်သည်။ ထိုကျောင်းတိုက်အတွင်း အနောက်မြောက်ထောင့်တွင် သဖန်းကျောင်းအမည်ဖြင့် ၂ထပ်ကျောင်းတစ်ကျောင်းရှိသည်။
သဖန်းကျောင်း၏ နှစ်စဉ်ကျင်းပသော ဝါဆိုပန်းကပ်ပွဲက တစ်မူထူးခြားသည်။ မန္တလေး၏ ဘုန်းကြီးကျောင်း များတွင် ဝါဝင် ဝါဆိုလပြည့်တွင် ဥပုသ်သီလယူ ဘုရားကျောင်းကန် သွားရောက်ကုသိုလ်ပြုကြပြီး လပြည့်ကျော်၁ရက် မွန်းလွဲတွင် သက်ဆိုင်ရာကျောင်းတိုက်များသို့ ဝါဆိုပန်းများကပ်လှူကြသည်။ တိုသို့ လာရောက် ကပ်လှူသူများကို ဘုန်းကြီးကျောင်းများက အစားအသောက်များဖြင့် ဧည့်ခံကြသည်။ များသောအားဖြင့် ဘိလပ်ရည် လိုင်းမကျု ရှာလပတ်ရည် စသည်တို့ဖြစ်သည်။ မပါမဖြစ်ကတော့ ညချင်းသုတ်ဖြစ်ပါ၏။ ညချင်းသုတ်ဆိုတာ ကြက်သွန်နီကို ပါးပါးလှီးကာ ချင်းများ သံပုရာသီးအရည်များဖြင့် သုတ်ထားသည်။ ညချင်းသုတ်က ဘုန်းကြီးများ မွန်းလွှဲစာအဖြစ် ဘုန်းပေးကောင်းသတဲ့။ သဖန်းကျောင်းက ဝါဆိုပန်းကပ်ပွဲတွင် အကျွေးမွေးဖြင့် ဧည့်ခံရုံမက တီးဝိုင်းနှင့်ပင် ဧည့်ခံလိုက်သေးသတဲ့။
ဝါဆိုလပြည့်ကျော်၁ရက်နေ့မှာ သဖန်းကျောင်း ဝါဆိုပန်းကပ်ပွဲမှာ တီးမှုတ်သီဆိုကြဖို့ နယုန်လဆန်းလောက်ကတည်းက အများအားကြသော ဥပုသ်နေ့တိုင်းလိုလို တီးလုံးတိုက်ကြသည်။ ရပ်ကွက်ထဲက ဦးဉာဏ်သိန်းအိမ်မှာ နေဝင်ကတည်းက အောက်လင်းဓာတ်မီးကြီး ၂လုံးထွန်းညှိပြီး ချောဖျာကြီးများခင်းကာ တီးဝိုင်းပစ္စည်းတွေ ချထားသည်။ ကျွန်တော်တို့ ကလေးတစ်သိုက်က ဖျာတွေပေါ် ကျွမ်းထိုးနေကြလို့ ပါပါကြီး(ဦးဉာဏ်သိန်း)က ချောင်းတဟွတ်ဟွတ် ဆိုးရင်း ငေါက်ထုတ်နေရပြီ။ ခဏနေတော့ တီးဝိုင်းအဖွဲ့သားတွေ ရောက်လာကာ ပတ်စာကပ် အသံစမ်းနှင့် တဗေ့ဗေ့ တတီတီ တနောင်နောင် အသံထွက်လာတော့ ကျွန်တော်တို့ ကလေးတစ်ဖော် ပျော်လွန်းလို့ တစ်စခန်းထပြန်လို့ ပါပါကြီးက တစ်ခါငေါက်ရပြန်၏။
ကျွန်တော်မှတ်မိသည်က အဲ့ဒီတီးဝိုင်းလေးမှာ ဝါးပတ္တလား ကိုကိုစိန်လှိုင်၊ သံပတ္တလား ကိုညို၊မောင်းဆိုင်း ကိုမွတ်စိ(ကိုကျော်ဝင်း)၊ တယော ကိုစာဗျော၊ ကိုရွှေဖီ၊ ပုလွေ ကိုခွေးပု(ကိုထွန်းကြွယ်)၊ ထရန်ပက် ကိုသိန်းမောင်၊ ကလယ်ရီနက် ကိုကျော်၊ ဒိုး ကိုသိန်းအောင်၊ စည်းဝါး အုပ်စုံမောင်တင် တို့ဖြစ်သည်။ အဆိုတော်က ကိုကျော် ကိုဝင်းမောင် ကိုအုန်းဖေ တို့ဖြစ်သည်။ အားလုံးက သဖန်းသားတွေချည်း၊ ဂီတကို စံနစ်တကျ သင်ယူတတ်မြောက်သူထက် ဝါသနာပါလို့ စမ်းတဝါးဝါးလေ့ကျင့်ရင်း အရပ်သားတတ် တတ်မြောက်ကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ပွဲကြီးလျှင် ကိုဒေဝတို့ ကိုသန်းမောင်တို့က သူတို့တူရိယာပစ္စည်းတွေပါ ယူပြီး လာကူကြသည်။ ကိုမွတ်စိ ခေါ် ကိုကျော်ဝင်းက မောင်းဆိုင်းသာမက သူ့ဖခင် ဦးဘဖေကလည်း ရွာမှာ စပ်ပန်းချီဆရာမို့ ပုံရေးလည်းတတ်သည်။ ကိုရွှေဖီက မြို့ဟောင်းကုန်ရုံက ကုန်တင်ကုန်ချ လုပ်သားကြီးဖြစ်ပြီး ကိုသိန်းအောင်က တော်ဝင်ရုပ်ရှင်ရုံ၏ ဂိတ်စောင့် ဝန်ထမ်းဖြစ်ကာ ကြောငြာလှည့်ကားမှာလည်း ဒိုးတီးရသည်။ စည်းဝါးအုပ်စုံ မောင်တင်ဆိုတာက ကိုကောင်းရင်တို့အိမ်မှာ ဆွေမျိုးအဖြစ် ငယ်စဉ်ကတည်းက ခေါ်ထားသူဖြစ်ပြီး ကြုံတဲ့သူက ခိုင်းစရာရှိလျှင် မုန့်ဖိုးပေးကာ ခိုင်းကြသည်။ သူက ဘယ်လို နားရည်ဝနေလဲမသိ သီချင်းတိုင်းလိုလို စည်းဝါး အကျအနလိုက်ကာ တစ်ခါတစ်ရံ ပညာပြပြီး အဆန်းထွင်၍ စည်းဝါး ကစားပြလို့ ပတ္တလား ကိုကိုစိန်လှိုင်က “မောင်တင် ရ ရိုးရိုးလုပ်ပါဟ၊ နဂိုကမှ ဒို့က စမ်းတဝါးဝါးတီးနေကြရတာ၊ မင်းလုပ်လိုက်တာနဲ့ ဒို့က ဘယ်အလုံးခေါက်ရမှန်း မသိတော့ဘူး” ဟု ပတ္တလားလက်ခတ်မြှောက်ပြီး လှမ်ပြောလျှင် မောင်တင်က မျက်ပေါက်မရှိအောင် တဟဲဟဲ ရယ်တော့သည်။ ဒါလည်း အမှတ်မရှိ ထပ်လုပ်လို့ တီးဝိုင်းက ထိုးရပ်သွားပြီး ပယ်ပယ်နယ်နယ်ဆဲမှ ရပ်တော့သည်။ ကိုကိုစိန်လှိုင်က “ ဒို့ တီးဝိုင်းကလည်း မောင်တင့် ဆရာတင်နေရတာ” ဟု ရယ်ရယ်မောမော ပြောတော့သည်။
တီးဝိုင်းမှာ အဆိုတော် ကိုအုန်းဖေ ဆိုတာ သူကလည်း ဇ ကမသေး။ မန္တလေး၏ဂုဏ်ဆောင် နာမည်ကျော် အဆိုတော် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျကာ သားလေးတစ်ယောက်ထွန်းကားပြီး အိမ်ထောင်ပြိုကွဲသွားသည်။ အဆိုတော် အမျိုးသမီးက နောက်ထပ် အိမ်ထောင်မပြုတော့ဘဲ သားနှင့်ပင် နေကာ အသက်ဆုံးသည် အထိ သစ္စာစောင့်သိ သွားသည်။ ကျွန်တော်တို့ ဦးလေး ကိုအုန်းဖေကတော့ စွန်လိုက်သည့်ဖြစ်ခြင်း၊ ရုပ်ချော အပြောကောင်း။ သူကလည်း တစ်နှစ်တင် ရွာသို့လာကသော ရွှေမန်းကျော်တင် ဇာတ်တွင် ပြဇာတ်ခန်းက လူလို၍ ဝင်ကရာက ဇာတ်နှင့်ကောက်ခါငင်ကာ လိုက်သွားတော့သည်။ အံမယ် နောက်တော့ ရွှေမန်းကျော်တင်ဇာတ်မှာ ပြဇာတ်မင်းသားဖြစ်လိုက်သေးသည်။ ဇာတ်ကြော်ငြာမှာ ပြဇာတ်မင်းသားချော တက္ကသိုလ်အုန်ုးမြင့် လို့ ပါတော့ မန္တလေးရှိ သူ့ညီအစ်ကိုများက “ အုန်းဖေကဖြင့် ဦးသံဝရကျောင်းက ၄တန်းပဲ အောင်တာပါဟ။ ဘယ့်နှယ် တက္ကသိုလ်အုန်းမြင့် ရမှာလဲ၊ သူက တက္ကသိုလ်မပြောနဲ့ ဗောဓိကုန်းတောင် မရောက်ဖူးပါဘူးဟာ” ဟု
ရယ်စရာ ပြောကြသည်။
တီးလုံးတိုက်ကြတော့ ထူးပြီးတိုက်ရသည့် သီချင်းမပါ။ပြန်နွှေးကြ ပြန်ညှိ ပြန်တိုက်ကြတာပါပဲ။ ကျွန်တော်ဖြင့် ဒီတီးဝိုင်းနှင့် ကြုံရတိုင်း ထပ်တစ်ရာလန်း၊ လက်ရည်တပြင်တည်း၊ အလှူ့ရှင်၊ စစ်ကိုင်းတောင်၊ ရွှေမင်းဂံ၊ပြည်တော်ဝင်၊ အောင်ပါစေ နှင့်ယဉ်သင်္ကြန် သီချင်းများဖြစ်သော သင်္ကြန်ရေပွဲခါဆီ၊ယဉ်မောင်တို့ လာပြီ၊ မေဋင်တော်လာမယ် ဆိုဆို စသည့် သီချင်းများပဲ ကြားရသည်။ ကျွန်တော်တို့ ကလေးတစ်သိုက်ကတော့ ထပ်တစ်ရာလန်း သီချင်းတီးလျှင် ပျော်သည်။ ငွေစန်းရောင်မြူးယှက် ကြည်နူးအးမြသီတာရေ ဟု ဆိုလျှင် နောက်ကနေ အေးမြသီတာရေ ဟု အလုအယက် လိုက်အော်ကြရလို့ဖြစ်သည်။ အသံချဲ့စက်နှင့်များ ဒီသီချင်းကို တီးလုံးတိုက်လျှင် ကိုယ့်အသံပါအောင် မိုက်နှင့် အနီးဆုံနေရာကို တိုးခွေ့လုရတာအမော..။ ထိုသီချင်းကို ကိုကျော်က ပင်တိုင်ဆိုတာ မှတ်မိသည်။
စကားဖြတ်ပြောပါဦးမည်။ ပြည်တော်ဝင်အပါအဝင် မြို့မသီချင်းတွေကို ဝင်းဦးပြန်လည်သီဆို၍ နာမည်ကြီးသွားတာ မြို့မဧည့်ခံတေး ထုတ်လိုက်လို့ လူတိုင်းပါးစပ်ဖျားရာက်သွားတာ စသည်ဖြင့် ပြောကြတော့ ကျွန်တော်တို့ သဖန်းတီးဝိုင်းကဖြင့် ရှေးကတည်းက ညက်ညက်ကျေအောင် သီဆိုတီးမှုတ်နေလို့ ကျွန်တော် ၄နှစ်သားလောက်ကပင် ဒီသီချင်းတွေ ရနေပါပြီဟု ကြံဖန် ကြွားဝါပါဦးမည်။ တီးလုံးတိုက်ကြတာ ည ၁၁နာရီလောက်ဆို ပြီးပါပြီ။ ဒါပေမယ့် လူစုမကွဲကြသေးဘဲ ကျောက်သွေးတန်းက နန်ထင် လက်ဖက်ရည်အလင်းဆိုင်သို့ သွားကြတော့ ကျွန်တော်တို့ ကလေးတွေ လိုက်လို့မရတာမို့ မပြန်ချင်ပြန်ချင် လက်ကလေးကိုက်ကာ အိမ်ပြန် အိပ်ရာဝင်ရတာပေါ့။ လပြည့်ကျော် ၁ ရက် ဝါဆိုပန်းကပ်နေ့ မြန်မြန်ရောက်ချင်လှပါပြီ။
သဖန်းကျောင်း၏ မြောက်ဖက်ခြမ်းမှာ တီးဝိုင်းကိုဆင်ထားသည်။ အရှေ့ထိပ်ဘုရားခန်းမှာ ပန်းအိုးကြီးများနှင့် ဝါဆိုပန်းကပ်ရန် ပြင်ဆင်ထား၏။ ဘုရားစင်ဘေး တောင်ဘက်ခြမ်းမှာ ကျောင်းထိုင်ဆရာတော် တင်ပလ္လင်ချိတ်ထိုင်ကာ အနားမှာ ကွမ်းအစ်ကြီးချပြီး ကွမ်းသီးခြမ်းတွေကို ကွမ်းညှပ်နှင့် တတောက်တောက် စိပ်နေသည်။ ဒေါင်းရိုးထဲက အသံချဲ့စက်ဆရာ ကိုဘမြင့်က စက်တွေဆင်ပြီး ကော်လံ ဟွန်းတွေကို တိုင်နှင့်ထောင်နေသည်။ ကိုရင်တွေက ဖျာခင်းသူခင်း ခုံရွှေ့သူရွှေ့ ကြက်သွန်လှီးနေကြတဲ့ မမသိန်းမြတို့အဖွဲ့ကို ကူသူကူ၊ ရှာလဘတ်ရည်
ဖျော်တော့မည့် ကိုဖိုးဆားတို့အဖွဲ့အတွက် ရေခပ်သူခပ်နှင့် ဆရာတော်၏ ကိုရင် ဟူသော ကြိမ်းမောင်းသံနှင့် ဖျာကို တဘုန်ုးဘုန်းရိုက်ပြီး သတိပေးမည့် ကြိမ်လုံးသံကို နားစွင့်သတိထားနေကြသည်။ ခဏနေတော့ ကိုကိုစိန်လှိုင်တို့ တီးဝိုင်းအဖွဲ့သားတွေရာက်လာကာ ဆရာတော့်ကို ဦးချပြီး တီးဝိုင်းထဲဝင်ကာ အသံစစမ်းနေကြပြီ။
သည်လိုနှင့် ဥယျာဉ်တန်းက မာလကာခြံက ပဲဝင်းက ဓာတ်နန်းက စသည်ဖြင့် ဆရာတော်နှင့်ရော ခန်းနေ ဦးပဉ္ဇင်းတွေနှင့်ရော သိကျွမ်းရာ ပရိသတ်တွေ စုံလို့ ကျောင်းအောက်ထပ်မှာပြည့်နေပြီ။ စကားပြောသံ ကလေးတွေ ဆော့သံတွေနှင့် ပွက်လောရိုက်နေစဉ် အသံချဲ့စက်က မိုက်စမ်းလို့ ကွီကနဲ အသံက အလန့်တကြား ထွက်လာလို့
ငြိမ်သွားကြသေး၏။ မကြာပါ တီးဝိုင်းက အသံညှိသံတွေ အသံချဲ့စက်က ထွက်ပေါ်လာ၏။ တီးဝိုင်းက
အဖွင့်အနေနှင့် ဝေဇယန္တာ ယိုးဒယားသီချင်းကို စတီးသည်။ အံမယ် အဖြောင့်သားပါလားဟု ရှာလဘတ်
ဖျော်ရည်တွေ မောင်းထောင်ခွက်ထဲ ခပ်ထည့်ရင်း ကိုဖိုးဆားက တီးဝိုင်းကိုလှမ်းကြည့်ကာ ပြောသည်။
တီးဝိုင်းက သီချင်းအတီးပိုဒ်ရောက်တော့ ဟုတ်ပေ ဟူသော အားပေးအော်သံစူးစူးထွက်လာသည်။ အဆိုတော် ကိုအုန်းဖေအသံ။ တီးလုံးမဆုံးမီမှာပင် အပျိုအုပ်စုတစု ဝင်လာတော့ ကျောင်းထဲက ရောက်နှင့်နေသူတွေ လည်ပြန်ကြည့်ကာ ဒီဘိုးဝင်းအဖွဲ့လာပြီဟေ့ဟူသော အသံတွေထွက်လာသည်။ ဟုတ်သည် ဒီဘိုးဝင်းဘက်က
မာမီအောင်ဦးဆောင်ပြီး အပျိုချောအုပ်စုက နှစ်တိုင်းလာကာ ဝါဆိုပန်းကပ်ကြရင်း တီးဝိုင်းအဖွဲ့နှင့် ကကြတာ ပွဲကြီးပွဲကောင်းမို့ အကြောင်းသိသူတွေက သည်အဖွဲ့မလာမှာပူကြသည်။ အခုတော့ ရောက်လာလို့ ပွဲက လှပြီ။ တီးဝိုင်းအဖွဲ့သားတွေကလည်း မာမီအောင့်ကို လှမ်းနှုတ်ဆက်ကာ အပျိုအုပ်စုထဲ မျက်လုံးဝေ့ကြည့်ကြ၏။
မာမီအောင်ဆိုတာက ဒီဘိုးလမ်းက မိန်မလျာဖြစ်သည်။ သူက နှစ်တိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ ဦးဆောင်ကာ ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သည်။ အကကောင်းပုံကလည်း ယောက်ျားကြီးတန်မဲ့ မင်းသမီးရှုံးလောက်အောင် အချိုးကျကျလှလှပပ က နိုင်၏။ နောက်တော့ ဒီဘိုးလမ်းမှာ ယမင်းသူဇာ အမည်ရှိ အမျိုးသမီးရေသဘင်မဏ္ဍပ်ကို မာမီအောင် ဦးဆောင်ပြီး ဆင်နွှဲကြတာ နာမည်ကြီးလှသည်။ မာမီအောင်က အဖွင့်ကို ယိုးဒယားနှင့် ကချင်သည်ဆိုလို့ တီးဝိုင်းက ဝေဇယန္တာကို ပြန်တီးပေးရသည်။ မာမီအောင်က ဟန်ကြီးခင်း၍ အကျအနကသည်။ တီးဝိုင်းကလည်း အတီးပိုဒ်မှာ ဒိုးဆစ်ကောင်းကောင်းနှင့် ပို့ပေးတော့ လက်ခုပ်သံ တဖြောင်းဖြောင်း။ တီးသံ မှုတ်သံများကြောင့် အခြားနေရာမှ လူအုပ်ကျုံ့လာလို့ ကျောင်းထဲမှာ ထိုင်စရာ မရှိတော့။ အပြင်ကနေ မတ်တပ်ရပ်ကာ ခြေဖျားထောက် ကြည့်ကြရသည်။ မာမီအောင် က ပြီးတာနှင့် အခြားသီချင်းတွေနှင့် ဒီဘိုးဝင်းသူလေးတွေ
တစ်ယောက်ပြီးတစ်ယောက် က ကြ၏။
နှစ်စဉ် ဝါဆိုပန်းကပ်ပွဲမှာ သဖန်းကျောင်းက တီးဝိုင်းနှင့် အဆိုအကနှင့် လူတွေကြိတ်ကြိတ်တိုး ကြက်ပျံမကျ စည်ကားခဲ့သော်လည်း တစ်နှစ်မှာတော့ ကျီးနှင့်ဖြုတ်ဖြုတ်ဖြစ်ကာ တီးဝိုင်းအဖွဲ့သားနှင့် လူကြီးပရိသတ်ပဲ ကျိုးတိုကျဲတဲ ကျန်ရစ်ပြီး ညချင်းသုတ်ချပေးဖို့ အပျိုလူပျိုအုပ်စုပင် မရှိတာကြုံဖူးပါ၏။ ထိုနှစ်က သဖန်းကျောင်းမြောက်ဘက် စကုတိုက်ထဲက ရွှေမန်းကျောင်းမှာ ရွှေမန်းသဘင်က ညွန့်ဝင်းတို့ ဝင်းဗိုလ်တို့ ဆန်းဝင်းတို့ ချမ်းသာတို့ ဝင်းမောင်တို့ညီအစ်ကိုများ၊ ရုပ်ရှင်မင်းသမီးအချို့ အဆိုတော်အချို့နှင့်အတူ တီးဝိုင်းနှင့်ပါ လာရောက် ဧည့်ခံ ဝါဆိုပန်းကပ်လို့ ပရိသတ်အားလုံက ထိန်းမနိုင်သိမ်းမနိုင် သွားရောက်အားပေးကြတော့ အခြားကျောင်းတွေမှာ အဖိုးကြီး အဖွားကြီးတွေပဲ ကျန်ရစ်သည်။ ဒါတောင်မှ အဖွားကြီးတွေက မောင်တင်မောင် ပါသေးလားဟဲ့ဟု ဆေးလိပ်ကြီး ငေါ့သောက်ရင်း မေးနေသေး၏။
အခုတော့ ဝါဆိုပန်းကပ်ပွဲ ဆိုင်းသံတိတ်ဆိတ်နေတာ ကြာပါပြီ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး