သြဂုတ် ၁ – ၂၀၂၃
GG (VOM)
မြင့်တက်နေတဲ့ ကုန်စျေးနူန်းကို တည်ငြိမ်အောင်လုပ်ဖို့ဆိုပြီး ပြည်ထောင်စုကုန်စျေးနူန်းတည်ငြိမ်ရေးကော်မတီကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။
အဲ့ဒီအဖွဲ့မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် ပြည်ထဲရေး၊ဆောက်လုပ်ရေး၊စွမ်းအင်ဝန်ကြီးဌာန၊သမဝါယမဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊အလုပ်ငမားဝန်ကြီးဌာန ၁၀ ခုနဲ့ ဗဟိုဘဏ်၊ရန်ကုန်နဲ့ နေပြည်တော်၊ မန္တလေး စည်ပင်၊UMFCCI တို့ ပါဝင်တယ်လို့ သိရပါတယ်။
” တွေ့ပါတယ် ၊သူတို့လုပ်မယ့်အချက် ၁၀ ချက်ဖော်ပြထားတာတွေ့ရတယ်။စာကတော့ ထုတ်ပြီးပြီ။ စီးပွားရေးဝန်ကြီး ဦးဆောင်မယ်သိရတယ်။ ဘယ်လိုထိန်းမှာလဲ ပြောထားတဲ့ အချက်တွေထဲကလို လမ်းစရိတ်ကြီးတာ၊လမ်းမှာပစ္စည်းတွေကြန့်ကြာနေတာ၊ စျေးက တက်ပါတယ်ဆို ပစ္စည်းကပြတ်တာတွေ အခုဆိုဆေးဝါးတွေ တက်တယ်။ပစ္စည်းအကုန်တက်ပါတယ်။ ဘယ်လိုထိန်းမလဲ စောင့်ကြည့်ရပါမယ် ၊စာတွေကတော့ ထုတ်နေတာပဲ၊တကယ်လုပ်ဖို့က အဓိကပါ စာထုတ်နေရုံနဲ့ ဘာမှဖြစ်မလာဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
အဲ့ဒီပြည်ထောင်စုကုန်စျေးနူန်းတည်ငြိမ်ရေးကော်မတီကတော့ အခြေခံစားကုန်ပစ္စည်းဖြစ်တဲ့ ဆန်၊ စားသုံးဆီနဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်း ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ဖို့ ၊အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီရဲ့ ပြည်တွင်းစားသုံးဖို့ လိုအပ်ချက်နဲ့ ပြည်တွင်းထုတ်လုပ်နိုင်မှုပမာဏကို ချိန်ဆပြီး ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ဖို့ ၊ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ဖို့ လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေလုပ်မယ်လို့ ထုတ်ပြန်စာအရ သိရပါတယ်။
နောက်ပြီး ကုန်ပစ္စည်းထွက်ရှိရာဒေသတွေကနေ စားသုံးမယ့်ဒေသကို သယ်ယူရာမှာ သယ်ယူစရိတ် ကြီးမြင့်ခြင်း၊ ကြားခံအဆင့် များပြားခြင်း၊ သယ်ယူရာမှာ လမ်းခရီးတလျှောက် မလိုအပ်ဘဲ ထိန်းချုပ်တာတွေ မဖြစ်အောင်နဲ့ ကုန်စည်စီးဆင်းမှုမှန်ကန်ရေး၊ လုံလောက်စွာဝင်ရောက်ရေး အပါအဝင် အဝင်အထွက်မှန်ကန်ရေးကို ညှိနှိုင်းပေါင်းစပ်မယ်လို့ သိရပါတယ်။
ဒါ့အပြင် အခြေခံစားကုန်တွေထုတ်လုပ်မှု တိုးချဲ့နိုင်ရေးအတွက်လည်း လိုအပ်ရင် ကူညီပံ့ပိုးမှုတွေ ညှိနှိုင်းဖြည့်ဆည်းပေးဖို့၊အခြေခံစားကုန်ပစ္စည်းတွေကို ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမယ့်ကိစ္စတွေကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင်ရွက်ဖို့၊ အခြေခံစားကုန်ပစ္စည်းထုတ်လုပ်မှုမှာ အဓိကဖြစ်တဲ့ လယ်ယာကဏ္ဍနဲ့ မွေးမြူရေးကဏ္ဍလည်း ထုတ်လုပ်မှုတိုးတက်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနဲ့ တစ်နိုင်မွေးမြူရေးကိုပါ အားပေးခြင်းစတဲ့ စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းတွေနဲ့ ဆွဲဆောင်မယ်လို့ သိရပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေကလည်း ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာအောင် နည်းလမ်းရှာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနဲ့ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်း မဖြစ်အောင်လည်း ကြိုတင်စီမံဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ဇူလိုင်၂၈ ရက်စွဲနဲ့ ထုတ်ပြန်ထားမှုအရ သိရပါတယ်။
” စာကများလွန်းလို့ ဖတ်ရတာတောင်မောတယ်။ စာထဲကအတိုင်းသာ တကယ်ထိထိရောက်ရောက် လက်တွေ့လုပ်ပေးပါလို့ ပြောချင်တယ်။စာထုတ်ပြီး ပြီးရောမလုပ်ပါနဲ့။အပြင်မှာ ပြည်သူတွေ အရမ်းဒုက္ခရောက်ရပါတယ်။ဆန်ဖြစ်ပြီးရော၊ဆီဆိုပြီးရော ဝယ်သုံးနေသူအရမ်းများနေပါပြီ။ ကုန်စျေးနူန်းတက်တာက အောက်ခြေလူထုကို အထိဆုံးပါ။တရက်လုပ်ခလစာနဲ့ စျေးနူန်းတွေ၊ငွေကြေးဖောင်းပွတာက ဘယ်လိုမှလိုက်မမီတော့ဘူး”လို့ ဆန်ပွဲရုံ ပိုင်ရှင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ မရှိမဖြစ်နေ့စဥ်စားသုံးနေရတဲ့ဆန် ၊ ဆီ ၊ ဆား အပါအဝင် အခြေခံ စားသောက်ကုန်အားလုံး စျေးနူန်းမြင့်တက်နေပြီး ဆေးဝါး၊ လျှပ်စစ်ပစ္စည်း စတဲ့ကုန်ပစ္စည်းအားလုံး စျေးနူန်းမြင့်တက်နေတာကြောင့် ပြည်သူတွေ အခက်တွေ့နေကြရပါတယ်။
#voiceofmyanmar #VOM #ပြည်ထောင်စုကုန်စျေးနူန်းတည်ငြိမ်ရေးကော်မတီအဖွဲ့ #ဖွဲ့စည်းမှု