နိုင်ဂျာမှာ စစ်ရေးဝင်ရောက်စွက်ဖက်ရင် ကာကွယ်ပေးမှာဖြစ်ကြောင်း အာဏာသိမ်း အိမ်နီးချင်းနှစ်နိုင်ငံ သတိပေး

နီယာမေ ၊ သြဂုတ်-၁-၂၀၂၃
မျိုးဆက်(VOM)

အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံမှာ အခြားဘယ်နိုင်ငံက ဘယ်လိုစစ်ရေးဝင်ရောက်စွက်ဖက်ခြင်းမဆို စစ်ကြေညာခြင်းလို့ မှတ်ယူမှာဖြစ်ကြောင်း စစ်အစိုးရဦးဆောင်နေတဲ့ ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတို့က ထုတ်ပြန်သတိပေးလိုက်ပါတယ်။

နိုင်ဂျာမှာ ရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇိုအပ်ကို ရာထူးအာဏာ ပြန်လည်အပ်နှင်းခြင်းမပြုရင် ခုနှစ်ရက်အတွင်း နိုင်ဂျာကို စစ်ရေးအရ ကြားဝင်မယ်လို့ အနောက်အာဖရိက ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ Ecowas က ခြိမ်းခြောက်ထားပါတယ်။

အဲဒီလို စစ်ရေးအရ အင်အားသုံးတိုက်ခိုက်လာရင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ နိုင်ဂျာကို ကာကွယ်ပေးသွားမှာဖြစ်ပြီး Ecowas အဖွဲ့ကနေလည်း နှုတ်ထွက်မှာဖြစ်ကြောင်း အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတို့က ပြောပါတယ်။

စစ်အစိုးရတွေဦးဆောင်နေတဲ့ ဒီနှစ်နိုင်ငံရဲ့ ခြိမ်းခြောက်ပြောဆိုမှုဟာ မတည်မငြိမ်ဖြစ်နေတဲ့ ဒေသတွင်းမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။ ဒီလိုစစ်ရေးအရ ကြားဝင်တာဟာ ဆိုးရွားပြီး မတည်မငြိမ်တွေ ဖြစ်ပွားလာနိုင်ကြောင်း ဘာကီနာဖာဆိုနဲ့ မာလီအာဏာပိုင်တွေက သတိပေးထားပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မာလီနဲ့ ဘာကီနာဖာဆိုတို့ဟာ နိုင်ဂျာလိုမျိုး ပြင်သစ်ကိုလိုနီဟောင်းတွေဖြစ်ပြီး အာဏာသိမ်းမှုတွေကြောင့် အနောက်နိုင်ငံတွေနဲ့ အဆက်အသွယ်ဖြတ်ကာ ရုရှားနဲ့ မဟာမိတ်ဖွဲ့ထားပြီး Sahel ဒေသမှာရှိတဲ့ အစွန်းရောက်တွေကို တိုက်ထုတ်ရေး ရုန်းကန်နေရပါတယ်။

Ref: BBC
Photo:AFP

#VoiceOfMyanmar #VOM #နိုင်ဂျာ #အာဏာသိမ်းမှု #စစ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW