အခုနှစ် ကြံရာသီ ကြံတစ်တန် ၁၁၀၀၀၀ ကျပ်နဲ့ သကြားစက်ရုံအချို့ စျေးစဖွင့်၊ စက်ရုံအားလုံး တပြေးညီ စျေးပေးဖို့ တောင်သူတွေလိုလား

ဩဂုတ် ၂– ၂၀၂၃
GG(VOM)

အခုနှစ်၂၀၂၃ – ၂၀၂၄ ကြံစိုက်ရာသီမှာ ကြံ (၁)တန်ကို အမြင့်ဆုံးစျေး ၁၁၀၀၀၀ ကျပ်နဲ့ ဝယ်ယူသွားမယ်လို့ သကြားစက်ရုံအချို့က တောင်သူတွေကို မနေ့ သြဂုတ် ၁ ရက်နေ့မှာ အသိပေးလိုက်တယ်လို့ သိရပါတယ်။

ကြံတစ်တန် ၁ သိန်း ၁ သောင်းကျပ်နဲ့ ဝယ်ယူမယ့်အကြောင်းကို ရှမ်းပြည်နယ်မှာရှိတဲ့ ငွေရည်ပုလဲ သကြားစက်ရုံက စတင်ကြေညာလိုက်တာဖြစ်ပြီး ကျန်တဲ့စက်ရုံတွေကိုလည်း အလားတူ စျေးနူန်းနဲ့သာ ဝယ်ယူပေးဖို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။

စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေး အပါအဝင် စိုက်ပျိုးရေး ဆေးမျိုးစုံ၊ စက်သုံးဆီစျေး၊အလုပ်သမားငှားရမ်းခနူန်းတွေဟာ၂၀၂၁ ခုနှစ်ကစပြီး စျေးနူန်းမြင့်တက်လာတာကြောင့် ကြံ စိုက်ပျိုးစရိတ်ကြီးမြင့်လို့ သကြားစက်တွေအနေနဲ့ ကြံတစ်တန်ကို ငွေကျပ် ၁ သိန်း ၁ သောင်းနူန်းက စပြီး အဝယ်ယူပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ ကြံစိုက်တောင်သူတွေကဆို ပါတယ်။

” အကုန်လုံး တက်နေတဲ့အချိန်မှာ ကြံစျေးလည်း တက်မှ တောင်သူတွေအဆင်ပြေမှာပါ။တခြားသကြားစက်တွေလည်း ကြံတစ်တန် ၁၁၀၀၀၀ ကနေစပြီး စျေးပေးဖို့လိုအပ်ပါတယ်။ ကျနော်တို့မှာ မြေဩဇာတွေ ပေါင်းသတ်ဆေးတွေက စျေးကြီးပါတယ်။ပေါင်းသတ်ဆေး၊ပိုးသတ်ဆေးတွေက စျေးပိုကြီးပါတယ်။အရင်းမရှိတဲ့တောင်သူဆို အတိုးနဲ့ချေးငှားလုပ်ရတာပါ။အခု ပေါက်ခေါင်းက နဝ​ဒေးသကြားစက်ကတော့ အခုထိ မကြေညာသေးဘူး၊နောက်ပြီးအင်ငါးခွသကြားစက်ကလည်း မကြေညာသေးဘူး”လို့ ပဲခူးအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှ ကြံစိုက်တောင်သူတစ်ဦးကပြောပါတယ်။

ကြံတစ်တန် ၁ သိန်း ၁ သောင်းဆိုတဲ့ နူန်းထားဟာ စက်ရုံအရောက်စျေးနူန်းဖြစ်ပြီး ပြည်တွင်း ကြံစိုက်ရာသီကာလသက်တမ်းတလျှောက်မှာတော့ စက်ရုံတွေကနေပေးတဲ့ အမြင့်ဆုံးစံချိန်တင် နူန်းထားတခုဖြစ်တယ်လို့ သိရပါတယ်။

”ကြုံဖူးသမျှထဲမှာတော့ အမြင့်ဆုံးပဲ။ငွေကြေးဖောင်းပွမှုနဲ့က လိုက်မြင့်မှလည်းရမှာပါ။မဟုတ်ရင်မလွယ်ဘူး။ မနှစ်က ၁ သိန်းအများဆုံးပေါက်တယ်။အခုနှစ် ၁၀၀၀၀ စတက်ပေးတာပေါ့။ သွင်းအားစုတွေကလည်း စျေးနည်းနည်းများတော့ အခုလို တိုးပေးတာ တောင်သူတွေအသက်ရှုချောင်တာပေါ့ ၊ အခုကငွေရည်ပုလဲ သကြားစက်ရုံက စပေးတာပေါ့။နှစ်တိုင်းလိုပဲ သူနဲ့ မြဘုရင်သကြားစက်က အရင်စျေးကွက်စဖောက်တာတွေ့ရတယ်။အခုက မြဘုရင်မပါသေးဘူး။တခြားစက်ရုံတွေလည်း သူ့လိုပဲ စျေးတန်းပေးစေချင်တယ်”လို့ သကြားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ ကြံစိုက်ပျိုးမှုအနေနဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ တောင်ပိုင်း ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ အနောက်ပိုင်း ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ မန္တလေးတိုင်းနဲ့မကွေးတိုင်း၊ ရန်ကုန်းတိုင်းထဲက ဥက္ကံမြို့မှာ စိုက်ပျိုးမှုတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြံစိုက်ရာသီမှာ သကြားစက်ရုံအများစုက ကြံတတန်ကို ၉၀၀၀၀ ကနေ ၉၅၀၀၀ ကျပ်ကို အများဆုံးပေးခဲ့ပြီး စက်ရုံအနည်းစုကသာ ကြံတစ်တန်ကို ၁ သိန်းကျပ်ပေးခဲ့ကြောင်း ၊ တစ်နိုင်ငံလုံးမှာ ကြံစိုက်ဧက ၄ သိန်း ခွဲလောက် ရှိခဲ့တယ်လို့သိရပါတယ်။

ပြည်တွင်းကထွက်တဲ့ သကြားကိုတော့ ဗီယက်နမ်ကို အဓိကတင်ပို့ပြီး ပြည်တွင်းစားသုံးမှုက အဓိကပိုများတယ်လို့ သိရပါတယ်။

လက်ရှိမှာ သကြားစျေးက ကုန်စည်ဒိုင်စျေးက တစ်ပိဿာ ကို ၃၃၀၀ ရှိပြီး ပြင်ပလက်လီစျေးကွက်မှာတော့ ၄၀၀၀ ကျပ်ကနေစပြီး ရောင်းချနေကြပါတယ်။

#voiceofmyanmar #VOM #ကြံစိုက်တောင်သူကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW