မြောင်းမြ-ငပုတော-လပွတ္တာလမ်းပေါ်က နေအိမ်နဲ့အဆောက်အဦတွေ ဖျက်သိမ်းခိုင်းလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

MM(VOM)
သြဂုတ်၊ ၃-၂၀၂၃

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊ မြောင်းမြ-ငပုတောလမ်းနဲ့ မြောင်းမြ-လပွတ္တာလမ်းပေါ်က နေအိမ်တွေနဲ့ အဆောက်အဦတွေကို လမ်းနယ်နိမိတ်နဲ့ မလွတ်တာကြောင့်လို့ဆိုပြီး ရုတ်တရက်ရွှေ့ပြောင်းခိုင်းနေလို့ အခက်အခဲဖြစ်နေရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

အဲ့ဒီ လမ်းပေါ်မှာ နေအိမ် ၊ ဈေးဆိုင် ၊ အခြားတဲတွေ အပါအဝင် အဆောက်အဦ ၁၀၀၀ နီးပါးလောက်ကို အခု သြဂုတ်လ ပထမအပတ်အတွင်း အပြီးဖျက်သိမ်းရွှေ့ပြောင်းဖို့ သတိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့အတိုင်း မလိုက်နာရင် ဘူဒိုဇာ အသုံးပြုဖယ်ရှားသွားမယ်လို့ ဒေသခံတွေကို သတိပေးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”နေလာတာ အနှစ် ၃၀ ကျော်ပြီ အခုရုတ်တရက်ကြီး လာရွှေ့ခိုင်းနေတယ်၊ ရွှေ့ပေးရလည်းအချိန်ကောင်း အခါကောင်းဆို တော်သေးတယ်၊ အခုက မိုးတွငကြီးလေ ၊ မရွှေ့ပေးရင် အင်အားသုံးရွှေ့မယ်တဲ့၊ ဘယ်လိုအခြေအနေဖြစ်ဖြစ်ပြောင်းရွှေ့ရမယ့်သဘောရှိတယ်၊ ဖြစ်နိုင် အခု မိုးကာလကုန်တဲ့ အချိန်လေးအထိ ဆိုင်းပေးစေချင်တယ်၊ တော်တော်ဒုက္ခရောက်နေလို့ပြောတာပါ၊ ရွှေ့ဖို့ စရိတ်၊ အိမ်အသစ် ပြန်ဆောက်ဖို့စရိတ် ဒါတွေက လက်ထဲမရှိ၊ စားဖို့တောင် အနိုင်နိုင်ဖြစ်နေလို့လေ၊လမ်းတစ်လျှောက်မှာ အဆောက်အဦက ၁၀၀၀ နဲ့ အထက်ပဲရှိတယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတစ်ဦးက” မြောင်းမြမြို့နယ် လမ်းဦးစီးဌာနပိုင် လပွတ္တာ-မြောင်းမြ -အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်းရယ်၊ ကံကုန်း-မြင်းကဆိပ်-ကျုံဝါးလမ်းနဲ့ မြောင်းမြ-ပမ္မ၀တီ- ငပုတော လမ်းပေါ်က လမ်းနယ်နိမိတ်အတွင်း ရောက်နေတဲ့ အိမ်တွေနဲ့ အဆောက်အဦတွေကို ဖျက်သိမ်း ရွှေ့ပြောင်းခိုင်းတာ၊ လမ်းတွေ ပြုပြင်တိုးချဲ့ရမယ့် စီမံကိန်းရှိတာကြောင့်ပြောင်းရွှေ့ခိုင်တာတဲ့၊ ကျန်တဲ့ကဏ္ဍတွေကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ကို ကာယကံရှင်တွေက တင်ပြပေါ့။”လို့ ပြောပါတယ်။

အဲ့ဒီ လမ်းပေါ်မှာ အစားအသောက်ရောင်းချတဲ့ ဆိုင်တွေ ၊လေထိုးကျွတ်ဖာလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်နေသူတွေ ကွမ်းယာရောင်းချနေသူ တွေ အများဆုံးနေထိုင်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် တတိယအပတ်ကလည်း ခရီးသွားဒေသဖြစ်တဲ့ ငွေဆောင်မြို့က နေအိမ် ၂၀၀ ဝန်းကျင်ကို လမ်းနယ်နိမိတ်နဲ့ မလွတ်လို့ ဖျက်ခိုင်းခဲ့တဲ့အတွက် ဖျက်သိမ်းပေးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #မြောင်းမြ

Related posts

Leave a Comment

VOM News

FREE
VIEW