WikiLeaks ပေါက်ကြားမှုကြောင့် အမေရိကန်စိုးရိမ်မှုအပေါ် နားလည်ပေးဖို့ ဩစတြေးလျကို ဖျောင်းဖျတိုက်တွန်း

ကင်ဘာရာ၊ ဩဂုတ်-၃

အမျိုးအစားခွဲခြားပြီး လျှို့ဝှက်သီးသန့်ထားတဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားအောင် WikiLeaks တည်ထောင်သူ ဂျူလီယန်အက်ဆန်း ဖွင့်ချခဲ့မှုနဲ့ပတ်သက်ပြီဒ မိမိတို့စိုးရိမ်ပူပန်မှုအပေါ် နားလည်သဘောပေါက်ပေးကြပါရန် ဩစတြေးလျနိုင်ငံသားတွေကို အမေရိကန်ထိပ်တန်းနိုင်ငံခြားရေးမူဝါဒရေးရာ အရာရှိတွေက ဖျောင်းဖျတိုက်တွန်းခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အမျိုးသားလုံခြုံရေး စိုးရိမ်ပူပန်မှုအပေါ် ဘိုင်ဒန်အစိုးရရဲ့ အပြတ်သားဆုံးမှတ်ချက်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး အန်တိုနီဘလင်ကင်က “ဂျူလီယန်အက်ဆန်းဟာ အမေရိကန်သမိုင်းမှာ အကျယ်ပြန့်ဆုံး အချက်အလက်ချိုးဖောက်မှုမှာ ပါဝင်ပတ်သက်ခဲ့လို့ ကြီးလေးသောရာဇဝတ်မှုနဲ့ စွဲချက်အတင်ခံရကြောင်း” ပြောကြားခဲ့ပါတယ်။

ဘလင်ကင်ရဲ့အထက်ပါ သဘောထားမှတ်ချက်ဟာ အမေရိကန်နဲ့ ဩစတြေးလျတို့အကြား ရှားရှားပါးပါး သဘောထားကွဲလွဲမှုကို ကိုယ်စားပြုခဲ့ပြီး အက်ဆန်းဖွင့်ချမှုအဆုံးသတ်စေဖို့ ဝန်ကြီးချုပ်အယ်လ်နိစ်အပေါ် ဘိုင်ဒန်အစိုးရအနေနဲ့ ခဲယဉ်းစွာ စည်းရုံးသိမ်းသွင်းနေရပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။

တချိန်တည်းမှာပင် အမေရိကန်လျှို့ဝှက်ချက်ဆိုင်ရာအက်ဥပဒေချိုးဖောက်မှုအပါအဝင် သီးခြားဟက်ကာနဲ့ပတ်သက်တဲ့ စွဲချက် ၁၇ ခုတင်နိုင်ဖို့ အက်ဆန်းကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဘဲလ်မာ့ရှ်အကျဉ်းထောင်မှ လွှဲပြောင်းယူဖို့ ဘိုင်ဒန်အစိုးရက ကြိုးစားနေပါတယ်။

“အက်ဆန်းအမှုမှာ ရှည်လျားလွန်းကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ မိမိအမြင်ကို ထုတ်ဖော်ခဲ့ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်တုန်းက WikiLeaks မှနေ ထိပ်တန်းလျှို့ဝှက်ချက်တွေ ပေါက်ကြားခဲ့ဖူးပြီး ပြန်လွတ်လာတဲ့ စစ်မှုထမ်းဟောင်း ချဲလ်ဆီးမန်းနင်းနဲ့မတူဘဲ အက်ဆန်းကတော့ အမှုရင်ဆိုင်ခြင်းမရှိသေးကြောင်း” စသည်ဖြင့် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပဲင်နီဝေါင်က မှတ်ချက်ချခဲ့ပါတယ်။

ဘလင်ကင်နဲ့ ဝန်ကြီး ပဲင်နီဝေါင်တို့ဟာ ဩစတြေးလျ-အမေရိကန် ဝန်ကြီးအဆင့် (AUSMIN) နှစ်ပတ်လည်ဆွေးနွေးပွဲများအပြီး ဩစတြေးနိုင်ငံ၊ ဘရစ္စဘန်းမြို့တွင် ညှိနှိုင်းတိုင်ပင်ခဲ့ကြပြီး လာမယ့် ၂၀၂၅ ခုနှစ်အရောက်မှာ ဩစတြေးလျအတွက် ပဲ့ထိန်းဒုံးကျည်စနစ်တွေ စတင်ထုတ်ပေးဖို့ နှစ်နိုင်ငံသဘောတူခဲ့ကြပါတယ်။

အဲဒီကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ အလျင်အမြန် ရင်းနှီးမြှုပ်နှံမှုတွေကို တန်ပြန်ရန်အတွက် အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစွာအကောင်အထည်ဖော်သွားဖို့ နှစ်ဘက်အကြား သဘောတူလက်ခံခဲ့ကြပါတယ်။ ဒီအတွက် ဩစတြေးလျမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတွေကို အခိုင်အခံ့ မွမ်းမံမည်ဖြစ်ပြီး ဩစတြေးလျမှတဆင့် ဒေသတွင်းကို အမေရိကန်တပ်တွေ အလှည့်ကျ အင်အားတိုးသွားဖို့ စီစဉ်ခဲ့ကြပါတယ်။

https://www.smh.com.au/politics/federal/assange-endangered-lives-top-official-urges-australia-to-understand-us-concerns-20230729-p5ds8t.html

#Voiceofmyanmar#topofficialurgesaustralia#tounderstandusconcerns

Related posts

Leave a Comment

VOM News

FREE
VIEW