ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့အခြေခံလစာ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲစေဖို့ စီစဉ်နေ

ဩဂုတ် ၄ – ၂၀၂၃
SN (VOM)

ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီ ငွေလွှဲရာမှာ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်စနစ်လမ်းကြောင်းကနေ လွှဲစေဖို့ စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့လွှဲပို့ငွေကို ကြပ်မတ်ဖို့ အေဂျင်စီတွေကို ခေါ်ယူပြီး ဖိအားပေးမှုတွေ ပြုလုပ်ထားသလို မဖြစ်မနေလွှဲပို့ခိုင်းမယ့် နှုန်းထားကိုလည်း ထုတ်ဖော် အသိပေးလာတာ ဖြစ်တယ်လို့ သိရပါတယ်။

“တရားဝင်စာတော့ မထွက်သေးဘူး။ ဒီရက်ပိုင်းစာထွက်လိမ့်မယ်ထင်တယ်။ အေဂျင်စီတွေကို ကိုယ်လွှတ်လိုက်တဲ့ အလုပ်သမားရဲ့ငွေလွှဲပို့မူကို တာဝန်ယူခိုင်းမယ်ပြောတယ်။ လက်ရှိမှာလည်း ကိုယ်တာဝန်ယူထားတဲ့ အလုပ်သမားတွေကို ပြည်ပမထွက်ခင် ဘဏ်အကောင့်ဖွင့်ဖို့ မဖြစ်မနေပြောရမယ်လို့ ဖိအားပေး ပြောဆိုတာတွေရှိတယ်။ ဒါပေမယ့်ဒါကို အရင်ကတည်းက လုပ်နေတာပါ။ တကယ့်တကယ်တမ်းကျ‌တော့ အလုပ်သမားတွေဘက်က လိုက်နာနိုင်မှု အခြေအနေက အလွန်အားနည်းတယ်။ ဘဏ်ကနေ လွှဲဖို့ဆိုတာကလည်း တချို့ဒေသတွေမှာ မငြိမ်းချမ်းတာတွေ ရှိနေတယ်၊ တချို့ဒေသတွေမှာ ဘဏ်စနစ်အားနည်းတယ်ဆိုတော့ ဒါကို ထိထိရောက်ရောက်လုပ်ဖို့က အပြောသာလွယ်တာ၊ တကယ်တမ်း လက်တွေ့ကျ ခက်တယ်”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်ပရောက် လုပ်သားတွေရဲ့ ပြန်လည်လွှဲပို့ငွေတွေကို တရားဝင်လမ်းကြောင်းကနေ လွှဲပို့မယ်ဆိုရင် နိုင်ငံခြားငွေ ပိုမိုရရှိစေမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက အသိပေး ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက “တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုပြီးတစ်ခု ပြော‌နေတယ်။ နိုင်ငံခြားမှာ မျက်နှာအငယ်ခံဘဝနဲ့ ရှာထားရတဲ့ပိုက်ဆံတွေကို မစာမနာ သူတို့က ဖြတ်ယူချင်နေသေးတယ်။ သူများနိုင်ငံမှာ အလုပ်လုပ်နေတယ်ဆိုတာ ပိုက်ဆံကို တွင်းထဲကနှိုက်သလို လွယ်လွယ်နဲ့ ရနေတယ်လို့များ ထင်နေကြလားမသိဘူး။ ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ သူများနိုင်ငံမှာ အလုပ်သွားလုပ်ရတာ။ သူများနိုင်ငံမှာ မြန်မာလို့ပြောလိုက်တာနဲ့ မျက်နှာငယ်ရတယ်။ ဘယ်သူမှအဖက်မလုပ်ချင်ကြဘူး။ အဲ့ဒီလိုဘဝမျိုးနဲ့ အနှိမ်ခံပြီး စီးပွားရှာနေရတာ။ ဒါကိုသူတို့က လိုချင်နေသေးတယ်။ အဆင်မပြေလို့ အိမ်ကို ငွေပြန်မပို့နိုင်တဲ့ လ တွေ လည်းရှိတယ်။ အဲ့ဒီလို ငွေပြန်မပို့နိုင်တဲ့အခါကျရင်ရော သူတို့က ထောက်ပံ့ပေးမှာလား”လို့ ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ကတော့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ဝင်ငွေတွေ နိုင်ငံအတွင်း ရောက်ရှိ စီးဆင်းစေဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာလည်း ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ MoU ၄ နှစ်ပြည့် မြန်မာအလုပ်သမားတွေ MoU U-turn စနစ်နဲ့ ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ရေး နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာအလုပ်သမားအများဆုံး သွားရောက်လုပ်ကိုင်နေတဲ့ နိုင်ငံဖြစ်တာကြောင့် အဲ့ဒီအလုပ်သမားတွေကို တရားဝင် MoU U-turn စနစ်နဲ့ ပြန်လည်စေလွှတ်နိုင်ပါက သူတို့ရဲ့ မိသားစုတွေဆီ လွှဲပို့ငွေတွေကို မိခင်နိုင်ငံအတွင်း တရားဝင်လမ်းကြောင်းနဲ့ လွှဲပို့နိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။

“နစကအနေနဲ့ အခုလို ပြည်ပအလုပ်သမားတွေဆီက ငွေတွေကို သူတို့ဆီရောက်ဖို့ အပူတပြင်း ကြိုးစားနေတာဟာ သူတို့အတွက် နိုင်ငံခြားငွေလိုအပ်ချက် ဘယ်လောက် မြင့်မားနေတယ်ဆိုတာ ပေါ်လွင်နေတယ်။ နိုင်ငံ အသီးသီးမှာ တရားဝင်မြန်မာလုပ်သား သုံးသန်းနီးပါးလောက် ရောက်နေကြတာဆိုတော့ ဒီကပြန်ဝင်လာမယ့် နိုင်ငံခြားဝင်ငွေက သူတို့အတွက် မက်လောက်စရာတော့ ဖြစ်နေတာပေါ့။ ဒါပေမယ့် သူတို့ဘယ်လိုပဲ ကြိုးစားပါစေ။ ဖြစ်နိုင်ဖို့ကတော့ ခဲယဉ်းတယ်။ ပြည်သူတွေက ယုံကြည်မှုအလွန်အားနည်းသွားပြီလေ”လို့ စီးပွားရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

နစကအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်းကလည်း ပြည်ပရောက် မြန်မာလုပ်သားတွေ တရားဝင်ငွေလွှဲရင် ဝင်ငွေခွန် ကင်းလွှတ်ခွင့်ရမယ်၊ တစ်ဒေါ်လာ ၃၀ ကျပ် အပို ချက်ချင်းပေးမယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြည်တွင်းဘဏ်တွေဆီ ပြန်လွှဲပို့ထားတဲ့ ဒေါ်လာတွေနဲ့ ပတ်သက်လို့လည်း မိမိကိုယ်တိုင်အတွက် သုံးစွဲတာ၊ တခြားသူကို လွှဲပြောင်းတာ၊ ဘဏ်ကို ရောင်းချတာတွေကို ၂၁ ရက်အတွင်း လုပ်ဆောင်ကြဖို့အပြင် ပြည်ပရောက်တဲ့အခါ လစဥ်ရရှိတဲ့ လစာငွေရဲ့ ရာခိုင်နှုန်းတစ်ခုကို မဖြစ်မနေ ပြန်လွှဲပို့ဖို့အတွက် အလုပ်သမားတွေကို ခံဝန်လက်မှတ်ထိုးခိုင်းတာ၊ ငွေလွှဲပို့မယ့် အေဂျင်စီတွေကို တာဝန်ယူခိုင်းတာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

“ကိုယ့်ပိုက်ဆံကိုယ် ရင်းနှီးပြီး သွားရတာ။ အချိန်ကုန်ခံပြီး သင်တန်းတွေတက်၊ အိမ်ပေါင်၊ ယာပေါင်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် စွန့်စားပြီးထွက်ရတာ။ လွယ်လွယ်နဲ့ သွားလို့ရတဲ့ ခရီးလည်း မဟုတ်ဘူး။ အပျော်သွားနေတာလည်း မဟုတ်ဘူး။ အနေအထိုင်၊ အစားအသောက်၊ ယဉ်ကျေးမှုမတူတဲ့ နေရာမှာ အစစအရာရာ သည်းခံပြီး အလုပ် လုပ်နေရတာ။ ဒါကိုသူတို့က တစ်ခုပြီးတစ်ခု ကိုယ့်သဘောနဲ့ကိုယ် ညွှန်ကြားနေတာမျိုးက တော်တော်စိတ်ညစ်ဖို့ကောင်းတယ်။ ကိုယ်ချင်းစာစိတ်မရှိဘူး။ ဖေးမ ကူညီဖို့မပြောနဲ့ သူတို့ကိုယ်ကျိုးအတွက်ပဲ တစ်မျိုးပြီးတစ်မျိုး ပြောနေကြတာ”လို့ ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

နိုင်ငံခြားမှ ငွေလွှဲဝန်ဆောင်မှုရရှိထားတဲ့ ပြည်တွင်းရှိ ဘဏ်တွေကတော့ ရွှေဘဏ်၊ ကမ္ဘောဇဘဏ်၊ United Amara ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာမိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက် စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်ပနိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံသား ၃ သန်းထက်မနည်းရောက်ရှိ အလုပ်လုပ်ကိုင်နေကြပြီး အများစုမှာ သူတို့ရဲ့ သက်ဆိုင်ရာမိသားစုတွေဆီ အဆင်ပြေရာနည်းလမ်းတွေနဲ့ ငွေလွှဲပို့နေကြတာ ဖြစ်ပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ပြည်ပရောက်မြန်မာလုပ်သား #လုပ်ခလစာ၂၅ရာခိုင်နူန်း #တရားဝင်လွှဲဖို့ကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW