ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းလာတာကြောင့် ကန်ထရိုက်အချို့ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေ

ဩဂုတ် ၇ – ၂၀၂၃
SN (VOM)

ငွေကြေး မတည်ငြိမ်တာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်း လည်ပတ်မှုတွေ ကျဆင်းလာတဲ့အတွက် ကန်ထရိုက်လုပ်ငန်းရှင်တချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ အိမ်ရှင်တွေနဲ့ အခန်းကြိုပွိုင့်၀ယ်ယူထားသူတွေက ပြောပါတယ်။

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ကိုဗစ်ကာလ ၂၀၂၀ ခုနှစ်မှာလည်း အထိနာခဲ့သလို နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာလည်း အများစုက နာလန်မထူနိုင်သေးဘဲ အခက်အခဲများစွာ ရှိနေပြီး တချို့ လုပ်ငန်းတွေကတော့ ရပ်ဆိုင်းတာ၊ ထွက်ပြေး တိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

“အခုက ဈေးတွေတက်လို့တဲ့ ဆောက်လက်စ ကန်ထရိုက်တွေ အကုန်လုံးလိုလိုရပ်ကုန်တယ်။ ကျွန်တော့တိုက်တောင် ဒီတိုင်းကြီး ရပ်ထားရတယ်။ ကန်ထရိုက်က လာလည်းမလာတော့ဘူး၊ ဆက်မဆောက်တော့ဘူး။ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ ဘယ်လိုက်လို့ လိုက်ရမှန်းလည်း မသိသေးဘူး”လို့ မြောက်ဒဂုံမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားလာရပြီး ကန်ထရိုက်တွေ ထွက်ပြေးတိမ်းရှောင်မှုတွေကြောင့် ဆောက်လုပ်ဆဲ တိုက်တာအိုးအိမ်တွေ အပြီးသတ်နိုင်ခြင်း မရှိတဲ့အတွက် နစ်နာမှုတွေ ကြုံတွေ့နေရတယ်လို့ အိမ်ရှင်တွေနဲ့ အခန်းကြိုပွိုင့်၀ယ် ယူထားသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

လက်ရှိ သံချောင်းဈေးတွေဟာ ၁၀ မီလီမီတာ ၁၅၇၀၀၀၀ ကျပ်၊ ၁၂ မီလီမီတာ ၁၅၀၀၀၀၀ ကျပ်၊ ၁၆ မီလီမီတာ ၁၅၈၀၀၀၀ ကျပ်၊ ၆.၅/၈ မီတာ ကွိုင် ၁၂၅၀၀၀ ကျပ် (တစ်ကွိုင်)၊ ဘိလပ်မြေ (alpha) ၉၈၀၀ ကျပ်၊ ဘိလပ်မြေ (အပါချီ) ၉၅၀၀ ကျပ်၊ ဘိလပ်မြေ (ကြံ့) ၉၈၀၀ ကျပ်၊ သဲတစ်ကျင်းခွဲ ၄၀၀၀၀ ကျပ်၊ ကျောက်တစ်ကျင်းခွဲ ၁၄၀၀၀၀ ကျပ် စသဖြင့် ပေါက်ဈေးရှိနေပြီး ဒီဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က သံချောင်းဈေးတွေဟာ ၁၀ မီလီမီတာ ၁၄၃၀၀၀၀ ကျပ်၊ ၁၂ မီလီမီတာ ၁၃၃၀၀၀၀ ကျပ်၊ ၁၆ မီလီမီတာ ၁၄၂၀၀၀၀ ကျပ်၊ ၆.၅/၈ မီတာ ကွိုင် ၁၁၅၀၀၀ ကျပ် (တစ်ကွိုင်)၊ ဘိလပ်မြေ (alpha) ၉၃၀၀ ကျပ်၊ ဘိလပ်မြေ (အပါချီ) ၉၁၀၀ ကျပ်၊ ဘိလပ်မြေ (ကြံ့) ၉၃၀၀ ကျပ်၊ သဲတစ်ကျင်းခွဲ ၄၀၀၀၀ ကျပ်၊ ကျောက်တစ်ကျင်းခွဲ ၁၃၀၀၀၀ ကျပ် စသဖြင့် ပေါက်ဈေးရှိခဲ့တယ်လို့ သိရပါတယ်။

“ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးတွေက ၂၀၂၀ ကိုဗစ်ဖြစ်ပြီးချိန်ကစလို့ တဖြည်းဖြည်း တက်လာတာပေါ့။ အဲ့ဒီ့နောက်မှာမှ ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲပါ ထပ်ဖြစ်လိုက်တော့ အခြေအနေတွေက ပိုဆိုးကုန်တယ်။ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတယ်။ အဲ့ဒါရဲ့ အကျိုးဆက် ကုန်ဈေးနှုန်းတွေ မတရားတက်လာတယ်၊ တက်တာမှ ခေါက်ချိုးကို တက်လာတာဆိုတော့ ဒီ ပစ္စည်းဈေးတွေကြောင့် အများစုက လုပ်ငန်းတွေ ဆက်မလုပ်နိုင်ကြတော့ဘူး။ ဘယ်လိုမှ တောင့်မခံနိုင်ကြတော့ဘူး။ ကျွန်တော်တို့ အလုပ်လက်ခံချိန်က ကာလပေါက်ဈေးအတိုင်း တွက်ချက်ပြီးမှ လက်ခံကြတာလေ။ ဆောက်နေရင်းနဲ့ပဲ ဈေးတွေ မတရားတက်ကုန်တော့ ဘယ်လိုဆက်လုပ်မလဲ၊ အဆင်မပြေတော့ဘူး။ အဲ့ဒီတော့ ဆောက်လက်စတွေရပ်ပြီး ရှောင်ကုန်ကြတာပေါ့။ ပြေးတဲ့သူတွေလည်း ပြေးပေါ့။ အဲ့ဒီလိုတွေ ဖြစ်ကုန်တယ်”လို့ ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ငွေကြေးဖောင်းပွမှုဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကာလတွေမှာ ဖြစ်လာနေပြီး ကျပ်ငွေတန်ဖိုးတွေ ဆက်တိုက် ကျဆင်းလာနေကာ အမေရိကန်ဒေါ်လာဈေး၊ ယွမ်ဈေး၊ ထိုင်းဘတ်ငွေဈေးတွေဟာ မြန်မာကျပ်ငွေနဲ့ လဲလှယ်တာမှာ တဖြည်းဖြည်း တန်ဖိုး ပိုကွာဟလာပြီး အိမ်ဆောက်ပစ္စည်းဈေးတွေ မြင့်တက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေး အပြောင်းအလဲမဖြစ်မီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းက အမေရိကန်တစ်ဒေါ်လာဈေး ၁၃၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ပေမယ့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် ၂ နှစ်ခွဲကျော် ကာလအတွင်း ၃၃၀၀ ကျပ် ဝန်းကျင်အထိ ရောက်ရှိလာတဲ့အတွက် ကျပ်ငွေတန်ဖိုးမှာ သုံးဆနီးပါး ကျဆင်းလာနေတယ်လို့ သိရပါတယ်။

“ကန်ထရိုက်အများစုက ကန်ထရိုက် တိုက် အလုံးပေါင်းများစွာကို တစ်ပြိုင်တည်း ဆောက်ကြတာများတယ်။ အဲ့ဒီတော့ ငွေက မပေါ်တော့ဘူး။ အရင်က တက်ရင်းစွဲရှိတဲ့ ပစ္စည်းဈေးတွေကလည်း နှစ်သောင်းတန်ပေါ်လာတော့ နှစ်ဆ ပိုတက်သွားပြန်တယ်။ အဲ့ဒီတော့ ဘာမှ မတတ်နိုင်ကြတော့တဲ့ အခြေအနေမှာ တချို့ကန်ထရိုက်တွေ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိလာတာပေါ့”လို့ နောက်ထပ် ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုကတော့ လက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းတွေဟာ အမြတ်ရရုံ ဆိုသလောက်နဲ့ ဆက်ပြီး လည်ပတ်နေတာဖြစ်တယ်လို့ ညည်းညူပြောဆိုကြသလို လတ်တလော နှစ်သောင်းတန်ငွေစက္ကူ ဂယက်ဟာလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက် ရိုက်ခတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆောက်လုပ်ရေး #ကန်ထရိုက်အချို့ #ထွက်ပြေးတိမ်းရှောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW