ဟွန်ဆန်ခေတ် ကုန်ဖွယ်မရှိသေးတဲ့ ကမ္ဘောဒီးယားနိုင်ငံရေး မှန်ကူကွက်များ

မျိုးဆက်(VOM)
သြဂုတ်-၉-၂၀၂၃

ကမ္ဘာပေါ်မှာ ရာထူးအာဏာ သက်တမ်းအရှည်ဆုံးလို့ သတ်မှတ်ရမယ့် သက်ရှိထင်ရှား နိုင်ငံခေါင်းဆောင်နှစ်ဦး အာရှနဲ့ ဥရောပဒေသမှာရှိနေပြီး သူတို့ကတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်လေးခုနီးပါးအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ အာရှဒေသရဲ့ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်တဦးဖြစ်ပြီး သူတို့နှစ်ဦးရဲ့ နိုင်ငံအုပ်ချုပ်ပုံ အခြေခံတူညီမှုကတော့ အတိုက်အခံတွေကို နှိပ်ကွပ်ပြီး အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သူတွေဖြစ်ပါတယ်။

ဒီလိုအာဏာရှင်ဆန်ဆန် အပြိုင်အုပ်ချုပ်ခဲ့တဲ့ သူတို့နှစ်ဦးထဲမှာ အာရှဒေသရဲ့ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ရာထူးအာဏာစွဲကိုင်ထားနိုင်မှုမှာ ဘီလာရုစ်သမ္မတလူကာရှန်ကိုထက် နှာတဖျားသာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါကတော့ သားဖြစ်သူကို ဝန်ကြီးချုပ်ရာထူးဆက်ခံဖို့ အမွေပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဇူလိုင်လမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီးနောက် ရက်ပိုင်းအကြာမှတော့ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ရဲ့သားအကြီးဆုံး ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဟွန်ဆန်ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ အောက်လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအနက် ငါးနေရာကလွဲပြီး အနိုင်ရရှိခဲ့ကာ အတိုက်အခံအလင်းတိုင်ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့တဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ကြောင်း ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟွန်ဆန်မေတ္တာရပ်ခံချက်အရ ခုနှစ်ကြိမ်မြောက်ပါလီမန်သက်တမ်းအတွက် ဒေါက်တာဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကမ္ဘောဒီးယားဘုရင် နိုရိုဒမ်ဆီဟာမိုနီက သြဂုတ် ၇ ရက်တွင် တော်ဝင်အမိန့်ထုတ်ပြန်ခန့်အပ်ခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်အနေနဲ့ ဝန်ကြီးချုပ် တရားဝင်ဖြစ်လာဖို့နဲ့ သူ့အစိုးရသစ်အတွက် သြဂုတ် ၂၂ ရက်တွင်ကျင်းပမယ့် ပါလီမန်ရဲ့ အတည်ပြုချက်လိုအပ်မှာဖြစ်ပေမယ့် အတိုက်အခံတွေမရှိတဲ့ လွှတ်တော်အသံက ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အသံဖြစ်ဖို့ ရာနှုန်းပြည့်ဖြစ်နေပါတယ်။

သက်တမ်းရှည် ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ၁၉၈၅ ခုနှစ်မှာ အာဏာရရှိခဲ့ပြီး ပြည်တွင်းစစ်ဒဏ်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် အဘက်ဘက်က ယိုယွင်းနေတဲ့ ကမ္ဘောဒီးယားကို ပြန်လည်ထူထောင်ရေးမှာ အဓိကပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့အုပ်ချုပ်မှုသက်တမ်းကာလတလျှောက်မှာ ကမ္ဘောဒီးယားမှာ အဂတိလိုက်စားမှုနဲ့ အကျင့်ပျက်ချစားမှုတွေ အမြစ်တွယ်ခဲ့ပြီး နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ အကျင့်ပျက်ချစားမှုအညွှန်းကိန်းမှာ အဆင့် ၁၅၀ ထိ ရပ်တည်ခဲ့ပါတယ်။

ဒါ့အပြင် သူ့ကို ဝေဖန်သူတွေကို ဖမ်းဆီးထောင်ချတာ၊ အတိုက်အခံပါတီတွေကို မတရားအသင်းကြေညာတာနဲ့ ဖျက်သိမ်းတာမျိုးတွေနဲ့အတူ နိုင်ငံရေးပြိုင်ဘက်အားလုံးကို နှိပ်ကွပ်ဖယ်ရှားမှုတွေက ကမ္ဘောဒီးယားနိုင်ငံရေးကို သင်းသတ်သလိုဖြစ်ခဲ့ရပြီး အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးသာ တည်မြဲခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ လက်ရှိမှာ ဖျက်သိမ်းခံထားရတဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၄၄ ရာခိုင်နှုန်းထိရှိခဲ့ပြီး အစိုးရအပြောင်းအလဲဖြစ်လာဖို့ မျှော်လင့်နိုင်ခဲ့ပေမယ့် ထင်မှတ်သလို ဖြစ်မလာခဲ့ပါဘူး။

အဲဒီနောက်ပိုင်း အတိုက်အခံတွေ အင်အားကြီးထွားလာတာကို သေချာသတိပြုသွားတဲ့ ဟွန်ဆန်ကတော့ အရင်ကထက် အတိုက်ခံတွေကို ဖိနှိပ်လာသလို အာဏာတည်မြဲရေးလမ်းကြောင်းကို အခိုင်အမာပြင်ဆင် ဆုတ်ကိုင်လာခဲ့ပါတယ်။

သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ပြီး အတိုက်အခံပါတီတွေ မပါဝင်တဲ့ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးဆိုတဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ စောင့်ကြည့်လေ့လာသူတွေရဲ့ ဝေဖန်မှုတွေကို ဟွန်ဆန်က ပယ်ချခဲ့ပါတယ်။

သားဖြစ်သူကို အာဏာလွှဲပေးရတာဟာလည်း သူ့အနေနဲ့ တာဝန်ထမ်းဆောင်ချိန်အတွင် ကွယ်လွန်သွားခဲ့မယ်ဆိုရင် ပဋိပက္ခတွေ အငြင်းပွားမှုတွေနဲ့ သွေးထွက်သံယိုတွေကို ရှောင်ရှားလိုတာကြောင့်ဖြစ်ပြီး သားဖြစ်သူရဲ့ အုပ်ချုပ်မှုတွေမှာ ဝင်ရာက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ဟွန်ဆန်က ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရသစ်မှာ ပါဝင်လာမယ့်သူတွေဟာ လူငယ်တွေအများအပြားပါဝင်လာပေမယ့် သူတို့ထဲကအချို့ဟာ ဟွန်ဆန်ရဲ့သား ဟွန်မာနက်နည်းတူ လစ်လပ်သွားတဲ့ဖခင်ဖြစ်သူတွေရဲ့ ရာထူးတွေကို ဆက်ခံကြမယ့်သူတွေပါဝင်နေပါတယ်။

ဒီလိုအစိုးရအဖွဲ့အပြောင်းအလဲဖြစ်ပေမယ့် အမေရိကန်နဲ့ ဗြိတိန်မှာ ပညာသင်ကြားခဲ့သူ ဟွန်မာနက်လက်ထက်မှာလည်း ကမ္ဘောဒီးယားနိုင်ငံရဲ့လွတ်လပ်ပွင့်လင်းမှုနဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ အနည်းငယ်သာမျှော်လင့်လို့ရကြောင်း စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

ဖခင်ကနေ သားဖြစ်သူကို အာဏာလွှဲပြောင်းပေးတာဟာ ဒီမိုကရေစီနည်းလမ်းမကျသလို မိသားစုအစဉ်အဆက် နိုင်ငံကို အုပ်ချုပ်သွားမှာကို ကမ္ဘောဒီးယားပြည်သူတွေ စိတ်ပူနေကြပြီး နန်းတက်ပွဲဆန်တဲ့ ရွေးကောက်ပွဲနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံရေးမှာ ဟွန်ဆန်မိသားစုခေတ် ကုန်ဆုံးဖွယ်မရှိသေးကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။

Ref:AFP/ BBC
Photo:Reuters

#voiceofmyanmar#VOM##ကမ္ဘောဒီးယား # ဟွန်ဆန်# အာဏာလွှဲပြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW