စစ်ကိုင်းတိုင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့

သြဂုတ် ၊ ၁၀ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်းထဲက မြို့ကြီးတွေနဲ့ ကျေးရွာတွေမှာ၂၀၂၁ မေလကနေ ၂၀၂၃ သြဂုတ် ၉ ရက်အထိ ၂ နှစ်ကျော်ကာလအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိမှန် သေဆုံးရသူ ၈၀ ကျော်ရှိသွားပြီလို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ သြဂုတ် ၉ ရက် ည ၇ နာရီဝန်းကျင်မှာ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မကျီးတုံးကျေးရွာဘက်ကို လက်နက်ကြီးကျည် ၅ ချက် ကျရောက်ပေါက်ကွဲတယ် ၊ မကျီးတုံးရွာက ဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီကျောင်းမှာ စာဝါလိုက်နေတဲ့ ကိုရင် ရှင်ပညိန္ဒ သက်တော် ၁၄ နှစ် ၊ ဝါတော် ၅ ဝါ အပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မိုင်းစထိမှန်ပြီး နေရာမှာတင် ပျံလွန်တော်မူသွားတယ် “လို့ မကျီးတုံးကျေးရွာနေ ဒေသခံ တယောက်က VOM ကို ပြောပါတယ်။

အဲ့ဒီလို ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း အခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ” လက်နက်ကြီး ကျလို့ မိုင်းစထိမှန်ပြီး သေဆုံးရတာ ၈၀ ကျော်ပြီ ၊ ဒဏ်ရာရတဲ့သူက ၂၀၀ နီးပါးရှိတယ် ၊ အများဆုံးက အိမ်တွေပေါ်၊ဌာနဆိုင်ရာရုံးတွေပေါ် နဲ့ ဘုန်းကြီးကျောင်းတွေပေါ်လည်း ကျရောက်ပေါက်ကွဲတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းလုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း ” မြောင်မြို့နယ်နဲ့ ကောလင်းမြို့နယ်ဘက်မှာ ဖြစ်စဥ်များတယ် ၊ ဒုတိယဖြစ်စဥ် များတာကတော့ ရေဦး ၊ ရွှေဘို ၊ ဝက်လက် ၊ ခင်ဦး ၊ တန့်ဆည် ၊ ဒီပဲယင်း ၊ ဘုတလင် ၊ အရာတော် ၊ ချောင်းဦး ၊ ဆာလင်းကြီး ၊ ယင်းမပင် ၊ ပုလဲနဲ့ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ဖြစ်တယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ သင်္ကြန်ကာလ စစ်ကိုင်းမြို့နယ်က ရေကစားမဏ္ဍပ်မှာ ရေကစားနေတဲ့ အပေါ် လက်နက်ကြီးကျလို့ ကလေးငယ် ၆ ဦးသေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ က ပုလဲမြို့ပေါ် ဘုန်းကြီးကျောင်းပေါ်ကို လက်နက်ကြီးကျည် ရောက်ပေါက်ကွဲလို့ ကိုရင် ၂ ပါး ၊ ရဟန်း ၁ ပါး ပျံတော်မူခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #လက်နက်ကြီးကျရောက် #လူ၈၀ကျော်သေဆုံးခဲ့

Related posts

Leave a Comment

VOM News

FREE
VIEW