ပဲခူးမှာ ရပ်ကွက်နဲ့ ရွာ ၁၇ ခုက လူ ၁၅၀၀၀ ကျော် ရေဘေးသင့်၊ အစားအစာနဲ့ရေ လိုအပ်နေ

ဩဂုတ် ၁၁ – ၂၀၂၃
VOM (GG)

ပဲခူးတိုင်း၊ ပဲခူးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်ကာ ရေတက်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားလို့ လူပေါင်း ၁၅၀၀၀ ကျော်ခန့် ရေဘေးသင့်ဒဏ်ခံစားနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရေဘေးသင့်သူတွေကို ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ ခုဖွင့်ကာ ရွှေ့ပြောင်း ထားကြောင်းနဲ့ လတ်တ​​လော ပဲခူးမြို့မှာ ရပ်ကွက် ၁၁ ခုနဲ့ ရွာ ၆ ရွာက ရေကြီး၊ရေလျှံမှုဖြစ်နေပြီး နေအိမ်ရေမြုပ်တာတွေအထိ ရှိနေတယ်လို့သိရပါတယ်။

” မြို့ပေါ်ရပ်ကွက်တွေ၊ရွာတွေရေကြီးနေတာပါ၊ဒီနေ့ရေပြန်ကျတယ်ဆိုပေမယ့်အများကြီးမဟုတ်ဘူး။ကယ်ဆယ်ရေးစခန်းက မနေ့ကစပြီးဖွင့်တာ ၂၉ ခုရှိ​တယ်။တနေ့တာ စားသောက်မှုကို အစိုးရအဖွဲ့ကလှူတာရှိတယ်၊ပရဟိတအဖွဲ့တွေကလှူတာရှိတယ်၊နေရာမထပ်အောင် ချိတ်ပြီးလှူနေကြတယ်။ကျနော်တို့အဖွဲ့ကလည်း တစ်ရက်လူ မနက် ၂၀၀၀ ၊ ည ၂၀၀၀ စာလှူနိုင်အောင်လုပ်နေတယ်။အလှူရှင် ငွေနဲ့လှူတာပါ။လှေနဲ့ပဲသွားလာရပါတယ် “လို့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောပါတယ်။

ရေကြီးရေလျှံမှုဖြစ်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကတော့ မြို့သစ် ၊ ဇောင်းတူ၊ဝါးပြန်ကုန်း၊မုန်တိုင်း၊ဥဿာ ၇၊ကလျာဏီ၊ရွာသစ်၊ဘုရားကြီး၊ပုဏ္ဍားစု၊ကျောက်ကြီးစု၊ကျွန်းသာယာ၊ဇိုင်း/တောင် ၊ကလိ၊မဇင်း၊အဝိုင်း၊ ထက်/ ရှေ့၊ ဇိုင်း / မြောက် ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် စားစရာနဲ့ ရေသန့် အကူအညီတွေလိုအပ်နေကြောင်း၊ လတ်တလော လူမှုကူညီရေးအသင်းအဖွဲ့တွေက အလှူရှင်တွေရဲ့ လှူဒါန်းမှု နဲ့ထမင်းဘူးတွေ ပေးဝေနေသလို သက်ဆိုင်ရာ တာဝန်သူတွေကလည်း ထမင်းဘူးဝေတာတွေလုပ်နေတယ်လို့သိရပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၁ ရက်မှာ ပဲခူးမြစ်ရေက ပဲခူးတိုးဂိတ်အထိ ရောက်ရှိလာပြီး ကားလေးတွေဖြတ်သန်းသွားလာမယ်ဆိုရင် စက်ရပ်ပြီး လူငှားတွန်းပြီးမှ ဖြတ်သန်းသွားလာနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးမြို့တွင်း ရန်ကုန် မန္တလေးလမ်းဟောင်းကိုလည်း မနေ့ ဩဂုတ်လ ၁၀ ရက် ကတည်းက သွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာဖြစ်ပြီး ဒီနေ့ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီ တိုင်းထွာချက်အရ ပဲခူးမြစ်ရေဟာ ၉၆၈.၄ စင်တီမီတာ ရှိနေသေးတာကြောင့် စိုးရိမ်ရေမှတ်ထက် ၈၈ စင်တီမီတာကျော်လွန်နေသေးတယ်လို့သိရပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက ပဲခူးရေဘေးကူညီရေးအတွက်သွားရောက်တဲ့ ရွှေကျင်မောင်မယ် အရေးပေါ်လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်တစ်စီး ညောင်လေးပင်-မဒေါက်- ရွှေကျင်လမ်းအတိုင်း မောင်းနှင်လာချိန် ပစ်ခတ်ခံရပြီး ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ရေကြီးရေလျှံမှု

Related posts

Leave a Comment

VOM News

FREE
VIEW