ရွှေ‌၊ ငွေ၊ စက်သုံးဆီတို့ရဲ့ တပတ်တာဈေးကွက်

ဩဂုတ် ၂၈ – ၂၀၂၃
SN (VOM)

ဩဂုတ် ၂၂ ရက်ကနေ ၂၈ ရက်အထိ တပတ်တာကာလအတွင်းမှာတော့ ရွှေ၊ ‌ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်‌တွေကလိုပဲ အတက်အကျမငြိမ်သေးဘဲ ဈေးနှုန်းအပြောင်းအလဲ များနေဆဲ ဖြစ်ပါတယ်။

ဇူလိုင်လကုန်ပိုင်းမှ စတင်ပြီး ဩဂုတ် ၂၁ ရက်၊ နေ့လယ်ပိုင်းအထိ ရွှေနဲ့ ငွေလဲနှုန်းတန်ဖိုးတွေဟာ ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သလို စက်သုံးဆီ‌ဈေးတွေဟာလည်း တရွေ့ရွေ့ မြင့်တက်လျက်ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ့နေ့ ဩဂုတ် ၂၁ ရက်၊ ညနေပိုင်းကစလို့ ရွှေ၊ ငွေ ဈေးတွေ တဖြည်းဖြည်း ပြန်လည်ကျဆင်းနေပေမယ့် ဒါဟာ ပြောပလောက်တဲ့ ကျဆင်းမှုမျိုး မဟုတ်သေးဘူးလို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်ကတော့ လက်ရှိ ပြင်ပဈေးကွက်အတွင်း ငွေလဲနှုန်းတွေ မြင့်တက်နေတာဟာ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ မှောင်ခိုရောင်းဝယ်မှု၊ တရားမဝင်တင်ပို့မှုတွေကြောင့်ဖြစ်တယ်လို့ ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပြီး ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေစီးဝင်မှု၊ စီးထွက်မှုအခြေအနေတွေကို အမြဲလေ့လာစောင့်ကြည့်လျက်ရှိကာ စျေးကွက်လိုလားချက်အရ ဖြစ်သင့်တဲ့ ငွေလဲလှယ်နှုန်းတွေကိုလည်းအမြဲတမ်းစိစစ် သုံးသပ်နေတယ်လို့ ပြောပါတယ်။

အဲ့ဒီ့လိုပဲ ဩဂုတ် ၂၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံစီးပွားမြင့်တင်ရေး အစည်းအဝေးမှာလည်း နစက က နိုင်ငံခြားငွေနဲ့ ရွှေဈေးကစားသူတွေကို စိုက်ပျိုး‌မွေးမြူရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ပြုပြင်သွားမယ်လို့ ပြောကြားထားပါတယ်။

ဒါ့ကြောင့် စီးပွားရေးကျွမ်းကျင်သူတွေအနေနဲ့ လာမယ့် တပတ်တာအတွင်း ဈေးနှုန်းအတက်အကျ ပိုကြမ်းလာနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှု‌တွေလည်း ရှိနေတဲ့အတွက် ဈေးကွက် အနေအထားတွေကို ကြိုတင်တွက်ဆထားနိုင်ဖို့ အခုတပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးကွက်အခြေအနေနဲ့ သုံးသပ်ချက်တွေကို တင်ပြပေးလိုက်ရပါတယ်။

#ရွှေဈေးနှုန်း

ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အမြင့်ဆုံး ကျပ် ၃,၉၈၀,၀၀၀ နဲ့ သိန်း ၄၀ နားအထိ စံချိန်တင် မြင့်တက်ခဲ့ပေမယ့် အခုတပတ်အတွင်းမှာတော့ ၃၇-၃၈ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်ပေါ်နေပါတယ်။

ဩဂုတ် ၂၂ ရက်ကနေ ၂၈ ရက်အထိ တပတ်တာကာလအတွင်းမှာ ‌ရွှေဈေးဟာ အချိန်နဲ့အလိုက် အပြောင်းအလဲ များစွာ ‌ဖြစ်ပေါ်ခဲ့ပြီး တရက်နဲ့တရက် ဈေးကွာခြားချက်မှာ တကျပ်သားကို ငွေကျပ် ၂ သိန်းအထိ အတက်အကျ ဖြစ်ပေါ်နေခဲ့ပါတယ်။

အဲ့ဒီ့လို ပြည်တွင်းရွှေဈေး အတက်အကျ ကြမ်းနေချိန်မှာ ဩဂုတ် ၁၇ ရက်ကနေ ၂၂ ရက်အထိ တအောင်စ ဒေါ်လာ ၁၈၀၀ ကျော်ဝန်းကျင်နဲ့ တောက်လျှောက် ကျဆင်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဩဂုတ် ၂၃ ရက်စလို့ ၁၉၀၀ ကျော်ဝန်းကျင်ကို ပြန်လည် မြင့်တက်လာခဲ့ပြီး ဒီနေ့ ဩဂုတ် ၂၈ ရက်မှာတော့ တအောင်စ ၁,၉၁၆ ဝန်းကျင်ဈေး ရောက်ရှိနေတယ်လို့ သိရပါတယ်။

“ပြည်တွင်းရွှေဈေးနှုန်းက ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးပေါ်မှာ တည်မှီနေတာမျိုးပါ။ ဒေါ်လာဈေး နည်းနည်းပြန်ကျလာတဲ့အချိန် ကမ္ဘာ့ရွှေဈေးကတက်ပြန်တော့ ရွှေဈေးက တန်းနေတဲ့ သဘောပေါ့။ အဲ့တော့ အခုက ၃၇-၃၈ ဝန်းကျင်ဈေး ပေါက်နေတာပေါ့။ ဒါပေမယ့်အခုက များသောအားဖြင့် ၁၅ ပဲရည်ကိုပဲ ၃၅ သိန်းကျော်ဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်နေကြတာပါ။ အခေါက်ရွှေ အရောင်းအဝယ်ကတော့ မရှိသလောက်ပါပဲ။ ဒီအချိန်မှာ ရွှေဝယ်‌တဲ့သူ အများစုကတော့ လက်ထဲ ငွေမကိုင်ထားချင်လို့ ရွှေဝယ်စုတဲ့သူတွေ များပါတယ်”လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌကတော့ ရွှေနဲ့ ဒေါ်လာ ဈေးကစားနေတဲ့ လုပ်ငန်းရှင်တွေကို အထူးစုံစမ်းစစ်ရေးဦးစီးဌာန (စသုံးလုံး)နဲ့အတူ ဖော်ထုတ် အရေးယူသွားမှာဖြစ်ပြီး ဒီ့အတွက် စသုံးလုံးဦးဆောင်တဲ့ Task Force ဖွဲ့စည်းကာ ရွှေစျေးနဲ့ ဒေါ်လာစျေးကို ကျဆင်းအောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ဩဂုတ်လ ၁၉ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကတော့ နိုင်ငံခြားသုံးငွေကိစ္စ၊ ရွှေစျေးတက်ခြင်းကိစ္စတွေ၊ ပို့ကုန်ရငွေ ကိစ္စတွေကို ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အရ စသုံးလုံးက တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်မှာဖြစ်ပြီး သက်ဆိုင်ရာ နေရာတိုင်းမှာ Task Force ဆောင်ရွက်မယ်လို့ ပြောကြားထားပါတယ်။

#ငွေလဲနှုန်း

ရွှေစျေးလိုပဲ ငွေလဲလှယ်နှုန်းတွေဟာလည်း တပတ်တာအတွင်း အတက်အကျတွေများပြီး တည်ငြိမ်မှုမရှိခဲ့ဘူးလို့ နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြင်ပစျေးကွက်မှာ တဒေါ်လာ ၃,၉၀၀ ကျပ်အထိ ရောက်ရှိခဲ့ပြီးနောက် ဩဂုတ် ၂၁ ရက်နေ့ ညနေပိုင်းမှစတင်ကာ ၃,၈၀၀ ကျပ် ဝန်းကျင်နဲ့ စျေးပြန်လည် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာတော့ ၃,၇၁၀ ကျပ် ဝန်းကျင်ကို ရောက်ရှိလာပြီး အများစုမှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

“ဗဟိုဘဏ်က ဈေးကစားသူတွေကို အရေးယူမယ်လို့ ကြေညာချက်တွေ ဆက်တိုက် ထုတ်လာလို့လားမသိဘူး။ ဩဂုတ် ၂၁ ရက် နေ့လယ်ပိုင်းအထိ ၄,၀၀၀ နီးပါးနဲ့ ဈေးဖွင့်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးက အဲ့ဒီ့နေ့ ညနေပိုင်းကစပြီး ဈေးပြန်ကျလာတယ်။ အဲ့ဒီ့လိုပဲ တခြားငွေလဲနှုန်းတွေလည်း ဈေးနည်းနည်းချင်းစီ ပြန်ကျလာတယ်”လို့ နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

အခုတပတ် ငွေလဲဈေးနှုန်းစတင်ဖွင့်လှစ်တဲ့ ဩဂုတ် ၂၈ ရက် (တနင်္လာနေ့) မနက်ပိုင်းမှာ ထိုင်းဘတ် ၁၀၄.၁၆ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၉၈ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂,၆၇၀ ကျပ်ဝန်းကျင်၊ ယူရို ၄,၀၀၆ ကျပ်ဝန်းကျင်၊ ဂျပန်ယန်း ၂၅ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၇၉၃ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက် (တနင်္လာနေ့) မနက်ပိုင်းကတော့ ထိုင်းဘတ် ၁၀၇.၅၀ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၅၁၂ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂,၈၈၀ ကျပ်ဝန်းကျင်၊ ယူရို ၄,၂၄၀ ကျပ်ဝန်းကျင်၊ ဂျပန်ယန်း ၂၇.၀၇ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၈၄၆ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#စက်သုံးဆီဈေးနှုန်း

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ၂၂၀၀ ကျော် ဝန်းကျင်မှာ တောက်လျှောက် ရှိနေခဲ့တဲ့ ပြည်တွင်း စက်သုံးဆီဈေးဟာ အခု ရက်ပိုင်းအတွင်းမှာတော့ ၂၃၀၀ ကျပ် ဝန်းကျင်နဲ့ အတက်ဘက်ကို ပြန်ပြီး ရောက်ရှိလာပါတယ်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာ ငွေလဲဈေးနဲ့ ကမ္ဘာ့ နိုင်ငံရေးအခြေအနေပေါ် မူတည်နေတာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး ကန်ဒေါ်လာ ငွေလဲနှုန်းကလည်း အမြင့်ဈေးမှာသာ ရှိနေဆဲဖြစ်တာကြောင့် စက်သုံးဆီဈေးနှုန်းတွေ ပြန်လည် မြင့်တက်လာတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

“မြန်မာနိုင်ငံက ပြည်တွင်းအတွက်လိုအပ်တဲ့ စက်သုံးဆီအားလုံးနီးပါးကို ပြည်ပကနေ တင်သွင်းနေရတာ။ စင်္ကာပူ UOB ဘဏ်ရဲ့ ထုတ်ပြန်ချက်ကြောင့်လည်း ဒီဘဏ်ချိတ်ဆက်ပြီး စက်သုံးဆီ တင်သွင်းနေရတဲ့အတွက်ကြောင့် ဈေးကွက်ထိခိုက်နိုင်တဲ့ အခြေအနေလည်းဖြစ်တယ်။ ပြီးတော့ ကမ္ဘာ့ရေနံဈေးကလည်း တက်နေတယ်၊ ဒေါ်လာဈေးကလည်းမကျသေးဘူး။ အဲ့ဒါကြောင့် စက်သုံးဆီဈေးကတော့ အတက်ဘက်ကို ဆက်ပြီး သွားနေနိုင်တယ်” လို့ ဈေးကွက်ကျွမ်းကျင်သူတဦးက ပြောပါတယ်။

ဩဂုတ် ၂၈ ရက်နေ့မှာတော့ ရန်ကုန်မှာ အောက်တိန်း 92 တလီတာ ၂၃၁၀ ကျပ်၊ 95 တလီတာ ၂၄၄၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၄၅၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၅၃၀ ကျပ်၊ မန္တလေးမှာ အောက်တိန်း 92 တလီတာ ၂၃၆၀ ကျပ်၊ 95 တလီတာ ၂၄၉၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၅၀၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၅၈၀ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တလီတာ ၂၃၅၅ ကျပ်၊ 95 တလီတာ ၂၄၈၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၅၀၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၅၈၀ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တပတ်တာကုန်ရွှေငွေစက်သုံးဆီစျေးနူန်းကဏ္ဏ

Related posts

Leave a Comment

VOM News

FREE
VIEW